အမေရိကန် ဆန်ရှင် ရုပ်သိမ်းရေးကို အားပေးပေမယ့် ဖိအားပေးရင် အလျှော့မပေးဘူးလို့ အီရန်သမ္မတသစ် ပြော 

အမေရိကန် ဆန်ရှင် ရုပ်သိမ်းရေးကို အားပေးပေမယ့် ဖိအားပေးရင် အလျှော့မပေးဘူးလို့ အီရန်သမ္မတသစ် ပြော 
Photo - AFP

ဩဂုတ် ၆

အမေရိကန် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေ ရုပ်သိမ်းရေး ဘယ်လို လုပ်ဆောင်ချက်မဆို အီရန်နိုင်ငံအား အားပေးလက်ခံသွားမှာဖြစ်ပေမယ့် ဖိအားပေးလုပ်ဆောင်လာတာမျိုးတွေကိုတော့ အစ္စလာမ္မစ် အီရန်နိုင်ငံဟာ အလျှော့ပေးသွားမှာ မဟုတ်ဘူးလို့ ကြာသပတေးနေ့က သမ္မတအဖြစ် ကျမ်းသစ္စာဆိုတဲ့ ရှေးရိုးအလွန်စွဲ အီရန်သမ္မတသစ် အီဘရာဟင် ရာအိစီက ပြောပါတယ်။ 

အမေရိကန် ဆန်ရှင်တွေကြောင့် ထိခိုက်ယိုယွင်းနေတဲ့ စီးပွားရေး၊ ရုန်းမထွက်နိုင်တဲ့ ကျန်းမာရေးအကျပ်အတည်းနဲ့ နိုင်ငံရဲ့ နျူကလီးယားစီမံကိန်းအရေး အကျပ်ရိုက်နေတဲ့ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ အီရန်နိုင်ငံ ရင်ဆိုင်နေရတဲ့ ကာလမှာ စံချိန်တင်  မဲမပေးဘဲ ကြားနေတာတွေ ရှိခဲ့တဲ့ ဇွန် ၁၈ ရက် ရွေးကောက်ပွဲမှာ ရာအိစီဟာ သမ္မတအဖြစ် အနိုင်ရရွေးကောက်ခံရတာပါ။ 

“အီရန်နိုင်ငံအပေါ် ချမှတ်ထားတဲ့ ဆန်ရှင်တွေကို ရုပ်သိမ်းရမယ်၊ ဒီ ပန်းတိုင်ဆီ အရောက်ချီလှမ်းနိုင်မယ့် ဘယ်လို သံခင်းတမန်ခင်း အစီအစဉ်မျိုးမဆို ကျွန်တော်တို့ ထောက်ခံသွားမယ်”လို့  လွှတ်တော်က ကျမ်းသစ္စာဆိုပွဲမှာ ရာအိစီက ဆိုပါတယ်။ 

ဒါပေမဲ့ ဖိအားပေးတဲ့ ပေါ်လစီတွေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက အီရန်နိုင်ငံအတွက် တရားဝင် အခွင့်အရေးတွေကို စွန့်လွှတ်ပေးရတာ ဖြစ်စေမှာ မဟုတ်ဘူးလို့ သူက အလေးအနက် ပြောဆိုပါတယ်။ 

အလွန်ရှေးရိုးစွဲပြီး တရားရေးအကြီးအကဲဟောင်းဖြစ်တဲ့ ရာအိစီဟာ ဘာသာရေးဥသျှောင် အယာတိုလက်ရှ် အလီ ခါမေနီက ရာထူးအပ်နှင်းခဲ့တဲ့ အင်္ဂါနေ့ကစလို့ အီရန်နိုင်ငံ သမ္မတ လေးနှစ်တာသက်တမ်းကို တရားဝင် စတင်ထမ်းဆောင်ပြီ ဖြစ်ပါတယ်။ 

သမ္မတ သက်တမ်း နှစ်ကြိမ်အတွင်းမှာ အီရန်နဲ့ အင်အားကြီး ခြောက်နိုင်ငံကြား ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို သမိုင်းတွင် စွမ်းဆောင်နိုင်ခဲ့တဲ့ အလယ်အလတ်ဝါဒီ ဟတ်ဆန် ရိုဟာနီရဲ့ အရိုက်အရာကို ရာအိစီက ဆက်ခံတာပဲ ဖြစ်ပါတယ်။ 

ရာအိစီရဲ့ ကျမ်းသစ္စာဆိုပွဲဆီ အာဖဂန်သမ္မတ အက်ရှရတ်ဖ် ဂါနီနဲ့ ဂါဇာက အစ္စလာမ္မစ် အုပ်ချုပ်ရေး ဟာမတ်ဇ်အဖွဲ့အကြီးအကဲ အစ္စမေးလ် ဟာနီယက်ရှ် အပါအဝင် ပြည်ပ ရာထူးကြီး ပုဂ္ဂိုလ် ၇၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။ 

ကျမ်းဆိုပွဲ အချိန်ကာလအတွင်း တီဟီရန်နဲ့ အိမ်နီးချင်း အယ်ဘော့ဇ်နဲ့ ကက်ဇ်ဗင်ပြည်နယ်တွေမှာ နှစ်နာရီခွဲကြာ လေယာဉ် ပျံသန်းမှုတွေ ရပ်ဆိုင်းပြီး လွှတ်တော်ဝန်းကျင်ကိုလည်း ယာဉ်အသွားအလာတွေ ကန့်သတ်ပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly