စစ်ကောင်စီက တပ်စခန်းတိုးချဲ့ခြင်းနှင့် လေကြောင်းမှ ကင်းထောက်ခြင်း ပြုလုပ်နေဟု KNU တပ်မဟာ(၅)ထုတ်ပြန်

By The Nation Voice
06 August 2021
စစ်ကောင်စီက တပ်စခန်းတိုးချဲ့ခြင်းနှင့် လေကြောင်းမှ ကင်းထောက်ခြင်း ပြုလုပ်နေဟု KNU တပ်မဟာ(၅)ထုတ်ပြန်
ဓာတ်ပုံ - ပုံဟောင်း

ဩဂုတ် ၆

အာဏာသိမ်းစစ်တပ်အနေဖြင့် တပ်စခန်းနှင့်တပ်နေရာများတိုးချဲ့လာခြင်းအပြင် စစ်လေယာဉ်များဖြင့် လေကြောင်းမှ ကင်းထောက်မှုများပါ ပြုလုပ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က ယမန်နေ့တွင် ထုတ်ပြန်သည်။

KNU တပ်မဟာ(၅)ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင် အတွင်း၌ စစ်ကောင်စီကဇူလိုင် ၂၃ရက် နောက်ပိုင်းတွင် တပ်နေရာ ၃ခု ပိုမိုတိုးချဲ့ချထားကြောင်း၊ ဩဂုတ် ၃ရက်နှင့် ၄ရက်နေ့များတွင် စစ်လေယာဉ်ဖြင့် လာရောက် ထောက်လှမ်းခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုသို့ စစ်လေယာဉ်ဖြင့် တပ်မဟာ(၅)နယ်မြေသို့ လှည့်လည်ပျံဝဲခြင်းသည် ကင်းထောက်ခြင်း အပြင် ခြောက်လှန့်ခြင်းလည်းဖြစ်နိုင်ကြောင်း၊ စစ်ရေးပိုမိုပြင်းထန်လာပါက လေယာဉ်ဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခြင်းဟု သတ်မှတ်ကြောင်း တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားသည်။

စစ်ကောင်စီတပ်နှင့် ကရင် နယ်ခြားစောင့်တပ်ဖွဲ့(BGF) တို့က စစ်ရေးလှုပ်ရှားမှုများ တိုး၍ပြုလုပ်လာ၍ ဇူလိုင်လအတွင်းက တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွားခဲ့ဟု ၎င်း ကဆိုသည်။ “တပ်မဟာ(၅)နယ်မြေမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက အမြဲတမ်းလှုပ်ရှားနေတာပဲ။

စခန်းတစ်ခုနဲ့ တစ်ခု အကြားမှာရော သွားတာလာတာတွေရှိတယ်။ နယ်မြေစိုးမိုးရေးအတွက်ဆိုပြီး သူတို့ အမြဲတမ်းလုပ်နေပါတယ်။ အဲဒီလို လှုပ်ရှားတဲ့အပေါ်မှာ KNLA တပ်မဟာ(၅)ဘက်ကလည်း ကိုယ့်ရဲ့ နယ်မြေဒေသ ကိုယ်ကာကွယ်တဲ့အနေနဲ့ အမြဲတမ်း တပ်ဖြန့်ထားတဲ့အပေါ်မှာ ထိတွေ့မှုတွေ ခဏခဏ ဖြစ်တာ။

တစ်ခါတလေကျရင် ထိတွေ့မှုတွေက တစ်နေ့တည်းကို နှစ်ခါသုံးခါရှိတယ်” ဟု ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။ ယခုဩဂုတ်လအတွင်း၌ တိုက်ပွဲဖြစ်ပွားမှု လျော့နည်းသွားပြီး ၁ရက်နေ့မှ ၆ရက်နေ့မနက်ပိုင်းအထိ တိုက်ပွဲ ၂ကြိမ်သာဖြစ်ခဲ့သည်ဟု ၎င်း ကဆိုသည်။

တိုက်ပွဲ ၂ကြိမ်အတွင်း စစ်ကောင်စီဘက်မှ ၂ဦးသေ ၂ဦး ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။ ဇူလိုင်လအတွင်းက KNU တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲ ၁၃၃ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၆၅ဦး သေဆုံးပြီး ၁၀၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ(၅)က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly