အသွင်ပြောင်းပိုလီယိုဗိုင်းရပ်စ်ပိုးတွေ့ပြီးနောက် ၁၅ မြို့နယ်တွင် ကာကွယ်ဆေးတိုက်ကျွေး

အသွင်ပြောင်းပိုလီယိုဗိုင်းရပ်စ်ပိုးတွေ့ပြီးနောက် ၁၅ မြို့နယ်တွင် ကာကွယ်ဆေးတိုက်ကျွေး
photo - Myanma Alinn

ဒီဇင်ဘာ ၁၁ ရက် ။           ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ကလေးနှစ်ဦးတွင် အသွင်ပြောင်းပိုလီယိုဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် တုံ့ပြန် ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ် ၁၅ ခုတွင် ဆောင်ရွက်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ် ၁၀ မြို့နယ်၊ ချင်းပြည်နယ် ၂ မြို့နယ်၊ ဧရာဝတီတိုင်း တစ်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး တစ်မြို့နယ်နှင့် မကွေးတိုင်း တစ်မြို့နယ် စုစုပေါင်း ၁၅ မြို့နယ်တွင် ဆောင်ရွက်နေခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ပိုလီယိုရောဂါ ပပျောက်ရေးအတွက် ဆောင်ရွက်သည့်အနေဖြင့် ကာကွယ်ဆေးထိုး/ တိုက်ကျွေးခြင်းနှင့် 'လတ်တလောပျော့ခွေ အကြောသေရောဂါလက္ခဏာ'   စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတို့ကို ဦးစားပေးဆောင်ရွက်နေသည်။

ယင်းသို့ဆောင်ရွက်နေစဉ် ၂၀၁၅ ခု ဧပြီနှင့် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ကလေးနှစ်ဦး တွင် လတ်တလောပျော့ခွေအကြောသေရောဂါလက္ခဏာ တွေ့ရပြီးနောက် ဓာတ်ခွဲစစ်ဆေးကြည့်ရာမှ 'အသွင်ပြောင်း ပိုလီယိုဗိုင်းရပ်စ်ပိုး' ဖြစ်နေသည်ဟု နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။

အခြားဒေသများသို့ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ်နှင့် ကူးစက်ပျံ့နှံ့ခြေရှိသော အခြားတိုင်း/ ပြည်နယ် ၄ ခုရှိ မြို့နယ် ၁၅ မြို့နယ်မှ အသက် ၅ နှစ်အောက် ကလေးများအား ဒီဇင်ဘာ ပထမအပတ် အတွင်းက ပထမအကြိမ်အဖြစ် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခဲ့သည်ဟု သိရသည်။

၂၀၁၅ ခု ဒီဇင်ဘာ ၂၆ မှ ၂၀၁၆ ခု ဇန်နာဝါရီ ၁၈ ရက်အထိ ထပ်မံဆောင်ရွက်မည်ဟုလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ဒီဇင်ဘာ ၁၀ ရက်နေ့ သတင်းစာရှင်းပွဲတွင် ပြောဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၂၀၁၄ ခု မတ်လတွင် မြန်မာနိုင်ငံအား ပိုလီယိုရောဂါအရိုင်းပိုးကင်းစင်သောနိုင်ငံအဖြစ် အသိအမှတ်ပြုကြေညာခဲ့ပြီးနောက် ၂ နှစ်ခန့်အကြာတွင် ယခုကဲ့သို့ အသွင်ပြောင်းပိုလီယိုဗိုင်းရပ်စ်ပိုးတွေ့ရှိခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly