ထိုင်းမှာ ရင်ခွဲရုံဝန်ထမ်းတွေ အလုပ်ဝန်ပိတဲ့အထိ ကိုဗစ်ကပ်ဘေး မြင့်တက်လာ 

ထိုင်းမှာ ရင်ခွဲရုံဝန်ထမ်းတွေ အလုပ်ဝန်ပိတဲ့အထိ ကိုဗစ်ကပ်ဘေး မြင့်တက်လာ 
Photo - AFP

ဩဂုတ် ၅

ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးလှိုင်း မြင့်တက်ပြီး သေဆုံးသူ တိုးများလာတာကြောင့် အလုပ်ဝန်ပိတဲ့ ဒဏ်ကို ရင်ခွဲရုံဝန်ထမ်းတွေဟာ ရင်ဆိုင်အံ့တုနေရပါတယ်။ 

ဗုဒ္ဓဟူးနေ့က ပထမဆုံးအဖြစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၂၀၀၀၀ ကျော်ပြီး ကြာသပတေးနေ့မှာလည်း ဒီနှုန်းထားအတိုင်းပဲ ကူးစက်ဖြစ်ပွားပါတယ်။ 

ကြာသပတေးနေ့က သေဆုံးသူ ၁၆၀ ကျော် ရှိတယ်လို့ အာဏာပိုင်တွေက အတည်ပြုတာကြောင့် ကပ်ဘေးစတင်ချိန်ကစလို့ စုစုပေါင်း သေဆုံးသူဦးရေဟာ ၅၆၆၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ 

ဘန်ကောက်မြောက်ပိုင်းမှာရှိတဲ့ ဓမ္မသတ်တက္ကသိုလ်ဆေးရုံမှာ ရင်ခွဲရုံ ပြည့်နေတာကြောင့် ဝန်ထမ်းတွေဟာ အထူးကွန်တိန်နာတွေ ငှားရမ်းပြီး အလောင်းတွေကို ထားရှိထားရပါတယ်။ 

“ခြေကုန်လက်ပန်း အတော်ကျနေပြီ၊ ကျွန်တော်တို့ဟာ နေ့တိုင်း ကူးစက်လူနာသစ်တွေကို ကိုင်တွယ်ဖြေရှင်းနေရတဲ့ ရှေ့တန်းက အလုပ်သမားတွေ မဖြစ်ပေမယ့်လို့ ကျွန်တော်တို့က နောက်ဆုံး နေရာကနေ ရပ်တည်ပေးနေရတာလို့ ပြောချင်တယ်၊ ဒါပေမဲ့ ရှေ့တန်းက လူတွေကိုလည်း ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီပေးသွားမှာပါပဲ”လို့ မှုခင်းဆေးသိပ္ပံရှင် သန်နစ်ချက်က အေအက်ဖ်ပီကို ပြောပါတယ်။ 

“ကျွန်တော်ရဲ့ ဝန်ထမ်းတွေ အတော်လေး ပင်ပန်းနွမ်းလျနေတာ မြင်နေရတယ်၊ ကျွန်တော် လုပ်နိုင်စွမ်းသလောက် အားထုတ်လုပ်နေတာတွေများတော့ ခြေကုန်လက်ပန်း ကျစပြုလာပြီ”လို့ သူက ပြောပါတယ်။ 

ခေါင်းကနေ ခြေဖျားအထိ အကာအကွယ်ဝတ်စုံနဲ့ နှာခေါင်းစည်း၊ အကာအကွယ်တွေ တစ်ကိုယ်လုံး စည်းနှောင်ဝတ်ဆင်ထားရတဲ့ ရင်ခွဲရုံဝန်ထမ်းတွေဟာ ရောက်လာသမျှ အလောင်းတွေကို ကိုဗစ်-၁၉ စစ်ဆေးဖို့ တို့ဘတ်နမူနာ ယူကြရပါတယ်။ 

“ကပ်ဘေးမတိုင်ခင်က ဝန်ထမ်းအရေအတွက်အတိုင်းပဲ ရှိပေမယ့် အလုပ်က သုံးဆ များလာတာကြောင့် ဖိစီးမှုတွေ ကျွန်တော်တို့ တကယ်ပဲ ဖြစ်ရတယ်”လို့ မှုခင်းဆေးဖက်ဆိုင်ရာ သမားတော် ဖန်ဂျီရာပွန်က အေအက်ဖ်ပီကို ပြောပါတယ်။ 

“ဝန်ထမ်းတစ်ယောက်ယောက် နာမကျန်းဖြစ်ပြီဆို တကယ့် ဝန်ထုပ်ဝန်ပိုး ဖြစ်တော့တာပဲ”လို့ သူက ဆိုပါတယ်။ 

အစိုးရအနေနဲ့ ကူးစက်မှု ပိုမြန်တဲ့ Delta မျိုးကွဲကြောင့် ဖြစ်ရတဲ့ ကူးစက်ဖြစ်ပွားမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဘန်ကောက်အပါအဝင် ပြည်နယ်ဒါဇင်များစွာက နေ့စဉ်လူမှုဘဝတွေအပေါ် တင်းကြပ်တဲ့ ကန့်သတ်တားမြစ်ချက်တွေ ချမှတ်ထားပါတယ်။ 

ဒါပေမဲ့ လက်ရှိအထိ ကူးစက်နှုန်း နှေးကွေးသွားတာ မရှိဘဲ ကြာသပတေးနေ့မှာတင် ၂၀၉၂၀ ဦး ကူးစက်တာကြောင့် ကပ်ဘေးအစက စလို့ စုစုပေါင်း ကူးစက်သူနှုန်းထားဟာ ၇၀၀၀၀၀ နီးပါး ရှိနေပြီ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly