အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယတွင် ဒလိုင်းလားမား၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယတွင် ဒလိုင်းလားမား၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် ဇူလိုင်လ ၂၈ ရက် တွင် နယူးဒေလီမြို့၌ ဒလိုင်းလားမား၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ နာဂိုဒတ်ဒုံချန်ကနှင့် တွေ့ဆုံခဲ့သည်။

တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားကို အန္တရာယ်ရှိသော ခွဲထွက်ရေးသမားအဖြစ် သတ်မှတ် ထားသည့် တရုတ်က ယင်းတွေ့ဆုံမှုအပေါ် ဒေါသထွက်စေနိုင်သည်။

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ခဏတာတွေ့ဆုံရာတွင် နာဂိုဒတ်ဒုံချန်က ဒလိုင်းလားမားပေးအပ်လိုက်သည့် ပုဝါကို ဘလင်ကင်အားပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နာဂိုဒတ်ဒုံချန်သည် အဝေးရောက်တိဘက်အစိုးရဟုလူသိများသော ဗဟိုတိဘက်အုပ်ချုပ်ရေးအဖွဲ့(CTA) ၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။

“ဒလိုင်းလားမားက တစ်ကမ္ဘာလုံးက လေးစားကြည်ညိုရတဲ့ ဘာသာရေးခေါင်းဆောင် တစ်ယောက်ဖြစ်တာ ကြောင့် ဒီလိုတွေ့ဆုံမှုက လေးစားတန်ဖိုးထားရမှာပါ” ဟု အမည်မဖော်လိုသူ အရာရှိက သတင်းထောက်များအား ပြောကြားခဲ့သည်။

ယင်းတွေ့ဆုံမှုသည် ၂၀၁၆ ခုနှစ်က အမေရိကန်သမ္မတအိုဘားမားနှင့် ဒလိုင်းလားမားတို့ ဝါရှင်တန်တွင် တွေ့ဆုံပြီးနောက် ထင်ရှားအရေးပါသည့် ဆက်ဆံမှုတစ်ခုဖြစ်သည်။

ယခုတွေ့ဆုံမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်တစ်စုံတစ်ရာ မပေးသေးပေ။

ငြိမ်းချမ်းသောလွတ်မြောက်ရေးဟု တရုတ်က ခေါ်သည့် သိမ်းပိုက်မှုအတွင်း တရုတ်စစ်တပ်များက ၁၉၅၀ပြည့်နှစ်တွင် တိဘက်ကို သိမ်းပိုက်ခဲ့သည်။ တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်သည့် လူထုအုံကြွတစ်ခုပြီးနောက် ၁၉၅၉ ခုနှစ်တွင် ဒလိုင်းလားမားသည် အိန္ဒိယသို့ ထွက်ပြေးခဲ့ရသည်။

တရုတ်၏ လူ့အခွင့်အရေးမှတ်တမ်းကို အထူးသဖြင့်အမေရိကန်မှ ဝေဖန်မှုများမြင့်တက်နေစဉ် ဗဟိုတိဘက် အုပ်ချုပ်ရေးအဖွဲ့(CTA) နှင့် တိဘက်အရေးလှုပ်ရှားသည့် အဖွဲ့များသည် မကြာသေးမီလများအတွင်း နိုင်ငံတကာ၏ ထောက်ခံမှုများရရှိခဲ့သည်။

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလတွင် အဝေးရောက်တိဘက်အစိုးရ၏ အကြီးအကဲဟောင်းဖြစ်သူ လော့ဘ်ဆန် ဆန်ဂေးသည် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် အိမ်ဖြူတော်သို့ လာရောက်ခဲ့သည်။

တစ်လအကြာတွင် ဒလိုင်းလားမားအားဆက်ခံရန်ရွေးချယ်ခြင်းသည် တိဘက်လူမျိုးများ၏ အခွင့်အရေး ဖြစ်ကြောင်းနှင့် တိဘက်မြို့တော်လာဆာတွင် အမေရိကန်ကောင်စစ်ဝန်ရုံတစ်ခုဖွင့်လှစ်ရန် တောင်းဆို ထားသည့် တိဘက်မူဝါဒနှင့် ထောက်ခံမှုအက်ဥပဒေကို အမေရိကန်ကွန်ဂရက်က အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required