ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ကြီးမားသော ရင်းနှီးငွေကြေးတစ်ရပ် ITD ကုမ္မဏီအလိုရှိနေ

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ကြီးမားသော ရင်းနှီးငွေကြေးတစ်ရပ် ITD ကုမ္မဏီအလိုရှိနေ
အီတလီယံထိုင်းမှ တာဝန်ယူဆောက်လုပ်လျှက်ရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းရှိ အီတလီယံထိုင်းကုမ္မဏီ လုပ်ငန်းခွင်တစ်ခုအားတွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္စျိမ)

ဒီဇင်ဘာ ၁၁ ။               ။ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ရင်းနှီးမြှုပ်နှံရန် သဘောတူညီထားသော အီတလီ-ထိုင်း အကျိုးတူဖက်စပ်ကုမ္မဏီ ITD က ထိုင်းနှင့် မြန်မာနိုင်ငံအစိုးရများထံမှ စီမံကိန်းအတွက် ကြီးမားသော ရင်းနှီးငွေတစ်ရပ်ကို မကြာမီ တောင်းခံသွားမည်ဖြစ်သည်။

ကုမ္မဏီသည် ထားဝယ် စီမံကိန်းနှင့် ဆက်နွယ်သည့် အခြေခံအဆောက်အအုံပိုင်းကို တိုးမြင့်တည်ဆောက်ရန် စီစဉ်နေရာ ထိုင်းနိုင်ငံ ကန်ချာနာဘူရီရှိ ဖူနန်ရွန် ကျေးရွာမှ ထားဝယ်ရေနက်ဆိပ်ကမ်းထိ ၁၃၂ ကီလိုမီတာအရှည်ရှိ လမ်းတစ်လမ်း တိုးချဲ့ဖောက်လုပ်သွားမည့်အစီအစဉ်လည်း ပါဝင်နေသည်။

"လက်ရှိ နှစ်လမ်းသွားကနေ လေးလမ်းသွားထိ တိုးချဲ့သွားချင်ပါတယ်၊ ဒါပေမယ့်လည်း အဲ့ဒီအတွက် ကျွန်တော်တို့မှာ များပြားတဲ့ ရင်းနှီးငွေတစ်ရပ်လိုအပ်ပါတယ်" ဟု ITD၏ ကုမ္မဏီခွဲ ဖြစ်သော ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဆွမ်ဂျက် တင်နပေါင်က ပြောသည်။ ကုမ္မဏီအတွက်လိုအပ်နေသော ဘက်ဂျက်ပမာဏ အတိအကျကို အသေးစိတ်ပြောကြားသွားခြင်းမရှိပေ။

သို့သော်လည်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်မှုများကို ကြီးကြပ်နေသော ထိုင်း အမျိုးသား စီးပွားရေးနှင့်လူမှုဘ၀ တိုးတက်ရေး ဘုတ်အဖွဲ့ NESDB က အထက်ပါအစီအစဉ်ကို အတည်မပြုမီ နှစ်ဘက်စလုံးက စဉ်းစားရန် လိုအပ်သည်ဟု ပြောကြားသွားသည်။

ITD ကုမ္မဏီသည် ထားဝယ် စီမံကိန်းကြီး၏ ပထမအဆင့် စတင်အကောင်အထည်ဖော်ရေးအတွက် ပြီးခဲ့သည့် သြဂုတ်လက မြန်မာအစိုးရနှင့် သဘောတူစာချုပ် ချုပ်ဆိုထားပြီး ကနဦး ရင်းနှီးငွေ ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ဖြင့် လုပ်ဆောင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly