ရခိုင်ပြည်အတွင်း Stay at Home ကာလ ၂ ပတ် ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်အတွင်း Stay at Home ကာလ ၂ ပတ် ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း AA ထုတ်ပြန်

ဩဂုတ် ၅

ရခိုင်ပြည်နယ်အတွင်း Stay at Home ကာလ (နေအိမ်မှာပဲ နေထိုင်ရေးအစီအစဉ်) ကို ဩဂုတ်လ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ နှစ်ပတ်ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း ရက္ခိုင့်တပ်တော် AA က ဒီနေ့ ဩဂုတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဇူလိုင်လ ၂၀ ရက်ကနေ ဩဂုတ်လ ၄ ရက်နေ့အထိ Stay at Home ကာလ ပထမအကြိမ် နှစ်ပတ်သတ်မှတ်ပြီးနောက် ဒုတိယအကြိမ် သီတင်းပတ်နှစ်ပတ် ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ နှိုင်းယှဉ်ရင် တတိယလှိုင်းအတွင်း စံချိန်တင်ကူးစက်မှု၊ သေဆုံးမှုတွေ ရှိခဲ့ပေမယ့် လက်ရှိအခြေအနေမှာ ကိုဗစ်ကူးစက်မှုနှုန်းကို အတိုင်းအတာတစ်ခုထိ တိုင်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Stay at Home ကာလအတွင်း စားဝတ်နေရေးအခက်အခဲ၊ ဈေးရောင်းဈေးဝယ်ကိစ္စ၊ နာရေးကိစ္စနဲ့ မဖြစ်မနေ အပြင်သွားလာရမယ့် ကိစ္စရပ်တွေဆိုင်ရင် ကိုဗစ်စည်းကမ်းနဲ့အညီ သွားလာကြဖို့လည်း တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေးထိုးနှံခွင့် ရရှိသူတွေအားလုံး မဖြစ်မနေ ကိုဗစ်ကာကွယ်ဆေး ထိုးနှံ့ကြဖို့နဲ့ ကာကွယ်ဆေးထိုးချိန်အတွင်း လူစုလူဝေးဖြစ်စေမယ့် အပြုအမူကို ရှောင်ရှားပြီး ကိုဗစ်စည်းကမ်းနဲ့အညီ ကာကွယ်ဆေးထိုးနှံ့ကြဖို့ တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း ဩဂုတ်လ ၃ ရက် မနေ့ကအထိ ကိုဗစ်ပိုး ကူးစက်ခံရသူပေါင်း ၃၀၂၁ ဦးနဲ့ သေဆုံးသူ ၂၃၉ ဦး ရှိတယ်လို့ ပြည်နယ်ကျန်းမာရေး ဦးစီဌာနက ထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly