အာဖဂန်နစ္စတန်၏ လမ်းစပျောက်နေသည့် ငြိမ်းချမ်းရေး - ကြားခံစစ်ပွဲ အဆုံးသတ်ရေး ဆောင်ရွက်ရန် အချက်များ

By Afghan Diaspora Network
05 August 2021
အာဖဂန်နစ္စတန်၏ လမ်းစပျောက်နေသည့် ငြိမ်းချမ်းရေး - ကြားခံစစ်ပွဲ အဆုံးသတ်ရေး ဆောင်ရွက်ရန် အချက်များ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အာဖဂန်နစ္စတန်ဆိုင်ရာ လက်ထောက်အထူးကိုယ်စားလှယ် ခရစ်အလက်ဇန်းဒါး

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပိုင်းခြားသုံးသပ်အကူအညီပေးရေးနှင့် ပိတ်ဆို့အရေးယူမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ က ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်းက အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ရာတွင် အယ်လ်ကိုင်းဒါး နှင့် တာလီဘန်တို့၏ ဆက်ဆံရေး၊ ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ဖြိုခွဲမရနိုင်သော ပူးပေါင်းမှုအကြောင်း အရာတို့ကို ဖော်ပြထားသည်။ ယင်းအစီရင်ခံစာအရ အယ်လ်ကိုင်းဒါးတို့သည် ခရိုင် ၃၄ ခုအနက် ၁၅ ထက်မနည်းတွင် လှုပ်ရှားနေကြသည်။ ၎င်းတို့၏ ပြည်ပတိုက်ခိုက်ရေးသမား တစ်သောင်းခန့်သည် ဗဟိုအာရှ၊ ရုရှားဖက်ဒရေးရှင်း၏ မြောက်ကော့ကေးဆပ်၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အစိုးရကို တိုက်ခိုက်နေသည့် တရုတ်နိုင်ငံ ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ စောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည့်အကြောင်းအရာများ မှာ ပါကစ္စတန်တွင် အခြေစိုက်သည့် တာလီဘန်ခေါင်းဆောင်ကောင်စီအဖွဲ့များ၊ အယ်လ်ကိုင်ဒါး-တာလီဘန်တို့၏ ရှုပ်ထွေးသည့်ဆက်နွယ်မှု၊ နိုင်ငံတကာအကြမ်းဖက်ဝါဒ၊ အမေရိကန်အစိုးရနှင့် တာလီဘန်တို့ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်းက ဒိုဟာမြို့တွင် လက်မှတ်ရေးထိုးပြီးသည့်နောက်ပိုင်း လမ်းစပျောက်နေသည့် ငြိမ်းချမ်းရေး ကိစ္စရပ်များ ပါရှိသည်။ သို့သော် အစီရင်ခံစာတွင် အာဖဂန်နစ္စတန်နိုင်ငံအတွင်း၌ စစ်ပွဲဖြစ်ပွားရသည့် အဓိက အခြေခံကျသည့် အကြောင်းရင်းကို ဖော်ပြမထားပေ။ ‘အာဖဂန်နစ္စတန်နိုင်ငံတွင်း ပါကစ္စတန်၏ ကြားခံစစ်ပွဲ အဆုံးသတ်ရေး’ (Ending Pakistan’s Proxy War in Afghanistan) စာအုပ်အား ရေးသားသူတစ်ဦး ဖြစ်သည့်အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အာဖဂန်နစ္စတန်ဆိုင်ရာ လက်ထောက်အထူးကိုယ်စားလှယ်အဖြစ် ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ခရစ်အလက်ဇန်းဒါးအား Afghan Diaspora Network သတင်းဌာနက အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံရာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ စောင့်ကြည့်ရေးအဖွဲ့၏ တွေ့ရှိချက်ဆိုင်ရာ အစီရင်ခံစာအပေါ် ၎င်း၏ အမြင်နှင့် အာဖဂန်စစ်ပွဲ၏ အကြောင်းရင်းများကို မေးမြန်းခဲ့သည်။

ADN -- ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ စောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာနှင့် တွေ့ရှိချက်တွေအပေါ် ခင်ဗျားရဲ့ တုံ့ပြန်မှုက ဘာဖြစ်မလဲ။

ခရစ် -- ဒီအစီရင်ခံစာက အခန်းထဲက ဆင်အကြောင်းနဲ့ အမည်ကြောင့် ဖြစ်ရတဲ့ ပြဿနာကို မဖော်ပြပါဘူး။ အယ်လ်ကိုင်းဒါးခေါင်းဆောင်အချို့က အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နယ်စပ်မှာ နေကြတယ်လို့ ဆိုတယ်။ ဒါဟာလုံးဝ အရေးကြီး တဲ့အချက်ပဲ။ စာရွက်စာတမ်းတွေ၊ အတည်ပြုချက်တွေ၊ ဂျာနယ်လစ်တေါ၊ သုတေသနသမားတွေ၊ ပါကစ္စတန်နိုင်ငံတွင်းမှာ လက်ရှိလုပ်ကိုင်နေသူတွေ၊ ယခင်ကတာဝန်ထမ်းဆောင် ဖူးသူတွေအစရှိတဲ့ မရေမတွက်နိုင်တဲ့ ရင်းမြစ်တွေဆီကနေ သိနေရပါတယ်။ အယ်လ်ကိုင်ဒါးအဖွဲ့ဟာ ၁၉၉၈ ခုနှစ်မှ စတင်ဖွဲ့စည်းကတည်းက ပါကစ္စတန်မှာ အခြေချနေပါတယ်။ အိုက်မန်အယ်ဇာဝါရီ ကရာချိမှာ နေထိုင်တာနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းကပဲ သတင်းတွေအများအပြားတွေ့ရတယ်။ အယ်လ်ကိုင်ဒါးပဲ ဖြစ်ဖြစ်၊ခူရာဆန်ပြည်နယ်က အစ္စလာမစ်နိုင်ငံတော်အဖွဲ့ ဖြစ်ဖြစ်၊ ကျွန်တော်တို့ ပြောဖူးတဲ့ ဘယ်အဖွဲ့ခွဲလေးတွေပဲ ဖြစ်ဖြစ်၊ အာဖဂန်နစ္စတန် အစ္စလာမစ်နိုင်ငံငယ်ပဲ ဖြစ်ဖြစ်၊ ဘယ်က ဦးဆောင်အဖွဲ့ပဲ ဖြစ်ဖြစ်၊ ဟက်ကာနီကွန်ရက်ဖြစ်ဖြစ်၊ တာလီဘန်ကို အုပ်စုခွဲဖို့ ကြိုးပမ်းနေတဲ့ ဘယ်ခေါင်းဆောင်အဖွဲ့ပဲ ဖြစ်ဖြစ် အားလုံးဟာ ပါကစ္စတန်မှာပဲ အခြေစိုက်ကြတယ်။ သူတို့မှာ လျှိူ့ဝှက်စုပေါင်းရုံး ဆိုတာမျိုးရှိနေပြီး စုပေါင်းစုံထောက်လှမ်း‌ရေးအဖွဲ့ (ISI) ရဲ့ ဌာနတစ်ခုကို ထူထောင်ထားတယ်။ ပိတ်ဆို့အရေးယူမှုတွေကို စောင့်ကြည့်နေတဲ့ သူတို့ဟာ အထက်မှာ ဖော်ပြထားတဲ့ အုပ်စုတွေ ဘယ်လိုလှုပ်ရှားကြတယ်၊ ပါကစ္စတန်အစိုးရရဲ့ အထောက်အပံ့နဲ့ အဲဒီနိုင်ငံကနေ ဘယ်လိုလှုပ်ရှားနေကြတယ်ဆိုတာနဲ့ ပတ်သက်လို့ အချက်အလက် မှတ်တမ်းပြုစုတာ မစတင်မီအချိန်အထိ သူတို့အလုပ်ကို လုပ်ကြမှာ မဟုတ်ဘူး။

အခုဆိုရင် ဒီ ပိတ်ဆို့အရေးယူမှု စောင့်ကြည့်အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော့်အမြင်မှာ အစကနေပြီးတော့ သံသယရှိလာပါပြီ။ ဘာကြောင့်လဲဆိုတော့ အပေါ်မှာ ပြောထားတဲ့ကိစ္စတွေကို ဒီအဖွဲ့က လစ်လျှူရှုထားတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ISI အရာရှိတစ်ဦးဟာ ပိတ်ဆို့အရေးယူမှု စောင့်ကြည့်ရေးအဖွဲ့ဝင် တစ်ယောက်ဖြစ်ခဲ့တယ်။ ဒီကိစ္စကို ဘာကြောင့် သတင်းမပို့သလဲလို့ ခင်ဗျားတို့သိချင်ရင် အဲဒါက အဖြေပဲ။

AND-- ပါကစ္စတန်မှာ တာလီဘန်နဲ့ အယ်လ်ကိုင်းဒါးတွေရှိတယ်ဆိုတာ အစီရင်ခံစာမှာ ဘာကြောင့် မဖော်ပြထားတာလဲ။

Chris--ဒီကိစ္စကို ဖော်ပြမယ်ဆိုရင် ပါကစ္စတန်က အာဖဂန်နစ္စတန်မှာ ကြားခံစစ်ပွဲ ဆင်နွှဲနေရတဲ့ အဓိက အကြောင်းရင်းတွေကို ကျွန်တော်က စပြီး ကိုင်တွယ်ဖြေရှင်းရမယ်။ ဒီကြးခံစစ်ပွဲဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်ခြိမ်းခြောက်မှု ဖြစ်သလို သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံရဲ့ ပြည်တွင်းရေးမှာ စစ်ရေးအရ ကြားဝင် ဆောင်ရွက်တဲ့ နို်ငငံတွေဟာလည်း နိုင်ငံရေးအရ ပိတ်ဆို့အရေးယူမှုတွေကနေစလို့ ကုလသမဂ္ဂပဋိညာဉ်အရ

အကျိုးဆက်တွေကို ကြုံတွေ့ရပါလိမ့်မယ်။ အီရတ်၊ ဆီးရီးယား၊ လက်ဘနွန်၊ ဂါဇာ၊ ယီမင်နဲ့ နိုင်ငံအချို့မှာ ကြားခံစစ်ပွဲ ဆင်နွှဲခဲ့တာကြောင့် အီရန်ကို နိုင်ငံအများအပြားက ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့တယ်။ ယနေ့ ကြားခံစစ်ပွဲတွေမှာ ပါဝင်နေတဲ့ ဆော်ဒီအာရေဗျ၊ တူရကီနိုင်ငံတို့နဲ့လည်း ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီကိစ္စကို ဆွေးနွေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အာဖဂန်နစ္စတန်က ကြားခံစစ်ပွဲမှာ ပါကစ္စတန်ရဲ့ ပါဝင် ပတ်သက်မှုဟာ အခြားနိုင်ငံတွေထက် ပိုမိုဆိုးရွားပါတယ်။ အာဖဂန်နစ္စတန်ရဲ့ ပြည်တွင်း ညီညွတ်မှုနဲ့ အချုပ်အခြာကို လေးစားလိုက်တာအောင် နိုင်ငံတကာက သင့်တော်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ လိုနေတယ်။

ဗလာဒီမာ ပူတင်ကိုပဲ ကြည့်ပါ။ သူက ယူကရိန်းကို ၂၀၁၄ ခုနှစ်မှာ ကျူးကျော်လိုက်တာနဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ချက်ခြင်းရင်ဆိုင်ရတယ်။ ဒီကျူးကျော်မှုအတွက် တာဝန်ရှိမှုအတွက် ရုရှားပြည်နယ်တွေက ဒေါသထွက်ကြသလို နိုင်ငံအများအပြားက ပိတ်ဆို့အရေးယူမှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြတယ်။ ပါကစ္စတန်အနေနဲ့ သည့်ထက်ဆိုးတာတွေကို ကြုံတွေ့ရနိုင်ပြီး ပါကစ္စတန်ပြည်သူတွေကိုတော့ ဘယ်သူကမှ ပြစ်ဒဏ်မပေးချင်ပါဘူး။ ပုံမှန်မဟုတ်တဲ့နည်းဗျူဟာတွေကို အသုံးပြုထားပြီး လျှို့ဝှက်ဆင်နွှဲတဲ့ စစ်ပွဲဖြစ်တာကြောင့် သူတို့ရဲ့ အမည်ကိုခံပြီး ဒီကိစ္စတွေ ဖြစ်နေတယ်ဆိုတာ ပါကစ္စတန်ပြည်သူ အများစုက မသိကြဘူး။ ဒီအကြောင်းကို ပါကစ္စတန်စာနယ်ဇင်းတွေကို ပြောလိုက်ရင် အသတ်ခံရမှာ ဖြစ်သလို ဆင်ဆာဖြတ် တောက်လည်း ခံရမှာပါ။ ကုလသမဂ္ဂရဲ့ အစီရင်ခံစာက အမှန်ကို မဖော်ပြအောင် သူတို့ (ပါကစ္စတန်အစိုးရ) က အသည်းအသန်ကြိုးပမ်းခဲ့ကြတယ်။ သတင်းတွေမှာ အမှန်အတိုင်းမပါအောင်၊ အဆိုပါသတင်းများကို ထုတ်ဖော်သည့် အာဖဂန်များကို ခြိမ်းခြောက် သတ်ဖြတ်ခြင်းပြုလုပ်သလို ဒီကိစ္စများနဲ့ ပတ်သက်လို့လည်း ပါကစ္စတန်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် လုံးဝမရှိပါဘူး။

AND-- စောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာပါတဲ့ အယ်လ်ကိုင်ဒါးနဲ့ အကြမ်းဖက်အဖွဲ့အများအပြား စာရင်းနဲ့ သူတို့နဲ့ တာလီဘန်တို့ရဲ့ ဆက်နွှယ်မှုအပေါ်မှာရော ခင်ဗျားအံ့အားသင့်မိလား။

Chris-- ကိန်းဂဏန်းအပေါ် အစီရင်ခံစာမှာ မတူညီတဲ့ လေ့လာသုံးသပ်မှုတွေ ပါဝင်ပါတယ်။ ဒီတိုက်ပွဲမှာ လူအများအပြားဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပါဝင်နေတယ်ဆိုတာ သံသယမရှိပါဘူး။ ဒါပေမယ့် သူတို့ဟာ မလှုပ်ရှားကြတာလည်း ကြာပါပြီ။ အချို့လည်း ဒဏ်ရာရသူတွေနဲ့ အသတ်ခံရတာတွေလည်း ရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ထဲက အသက်ခံရသူ နှစ်စဉ် ထောင်နဲ့ချီပြီး ရှိနေတယ်။ အများအပြားကလည်း မိသားစုနဲ့ ပြန်နေကြတယ်။ နယ်စပ်ဒေသမှာ သွားရောက်နေသူတွေရှိသလို တာလီဘန်တို့အတွက် ကြားခံစစ်သည်တွေအတွက် ဆောင်ရွက်ခ ငွေကြေးမရတာကြောင့် ဝင်ငွေရတဲ့ အလုပ်ကိုလည်း ပြောင်းလုပ်နေကြရတယ်။

သူတို့က အယ်ကိုင်ဒါးနဲ့ တာလီဘန်တို့အကြား ဟိုဘက်ကူး ဒီဘက်ကူးလို့ ကျွန်တော်ထင်တယ်။ ISI ရဲ့ အမြင်ရှုထောင့်ကနေဆိုရင် စစ်မြေပြင်မှာ ရက်စက်ကြမ်းကြုတ်တဲ့ အတွေးအခေါ်အတိုင်းအတာတစ်ခုနဲ့ အရပ်သားအများအပြားကို သတ်ဖြတ်ခြင်းလို အစွန်းရောက်လုပ်ရပ်တွေကို လုပ်ဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း လက်တွဲအလုပ်လုပ်ခဲ့တဲ့ ဟက်ကာနီကွန်ရက်က သူတို့အတွက် စိတ်ချရဆုံးအဖွဲ့ ဖြစ်ပါတယ်။ ဟက်ကာနီအဖွဲ့က အယ်လ်ကိုင်ဒါးတွေနဲ့ နီးစပ်မှုရှိတယ်။ သူတို့ဟာ ပက်ခ်တီယာခရိုင်က ဇာဒရန် လူမျိုးစု အာဖဂန်တွေ ဖြစ်ပေမယ့် ပါကစ္စတန်ကနေပဲ တောက်လျှောက်လှုပ်ရှားခဲ့ကြတယ်။ ငွေကြေးရင်းမြစ်နဲ့ နိုင်ငံတကာ စစ်ရေးစွမ်းရည်တွေကြောင့် ဟက်ကာနီတွေဟာ အယ်လ်ကိုင်ဒါးတွေနဲ့ ပူးပေါင်းထားတယ်။ ဆက်ဆံရေး ဆက်လက်လုပ်ဆောင်နေပြီး ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်းမှာ ဟက်ကာနီတွေဟာ အယ်လ်ကိုင်ဒါးတွေရဲ့ စည်းမျဉ်းတွေကို လိုက်နာကျင့်သုံးတဲ့ အထောက်အထားအချို့ ရှိနေတယ်။ သူတို့ဟာ အစောပိုင်းကတည်းက အယ်လ်ကိုင်ဒါးတွေရဲ့ မဟာမိတ်တွေပါ။ ဆီရာဂျူဒင်ဟက်ကာနီကို အာဖဂန်နစ္စတန်မှာ တာလီဘန်တပ်ဖွဲ့ရဲ့ ဌာနချုပ်မှာ အဓိက ခေါင်းဆောင်အဖြစ်ရော အယ်လ်ကိုင်ဒါးတို့နဲ့ ဆက်ဆံရေးများ အဓိက တာဝန်ရှိသူအဖြစ် ISI က ခန့်အပ်တာကိုတော့ အံ့အားမသင့်ပါဘူး။

AND--- ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ လက်မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်း အမေရိကန်-တာလီဘန်တို့ရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကနေ အကြီးမားဆုံးအောင်မြင်မှုက ဘာလို့ ထင်သလဲ။

Chris-- အောင်မြင်မှုတစ်ခုကတော့ အမေရိကန်အနေနဲ့ တိုက်ခိုက်ခံရခြင်းမရှိဘဲ တပ်ဖွဲ့တွေကို ရုပ်သိမ်းနိုင်သလို တာလီဘန်တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာလည်း လွတ်မြောက်ခဲ့တယ်။ သူတို့ထဲက အများစုကတော့ ပြန်တိုက်နေကြပါပြီ။ ဒါကတော့ အတော်ဆိုးရွားတဲ့ မှတ်တမ်းတစ်ခုပါ။ ISI နဲ့ တာလီဘန်တို့က ဒီဆွေးနွေးပွဲတွေရဲ့ ရည်မှန်းချက်က အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေ အာဖဂန်နိုင်ငံထဲက ထွက်သွားတာနဲ့ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်နိုင်ဖို့ပါ။

AND-- သတ်မှတ်ချက်တွေမထားဘဲ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေ ရုပ်သိမ်းမှုက တာလီဘန်အတွက် ဘာတွေ သိလာစေခဲ့သလဲ။

Chris-- အဓိက အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကို ဖြေရှင်းရာမှာ ကျွန်တော်တို့အတွက် လမ်းပျောက် သွားပြီဆိုတာ သိစေပါတယ်။ အကြမ်းဖက် ခြိမ်းခြောက်မှုသာမကပါဘူး နိုင်ငံ အချင်းချင်း စစ်ခင်းခြင်းလည်း ဖြစ်ပါတယ်။ ဒီအချက်က ကျွန်တော်တို့ ကျန်နေတဲ့ အချက်ပါ။ အာဖဂန်နစ္စတန်ကို အကြမ်းဖက်နဲ့ ဆိုင်တဲ့

ကိစ္စတစ်ခုအဖြစ် ကျွန်တော်တို့ သတ်မှတ်ခဲ့ကြတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေကို တိုက်ခိုက်ဖို့ အာဖဂန်နစ္စတန်ကို ဘယ်တော့မှ အသုံးမချဘူးဆိုတဲ့အချက်နဲ့ အမေရိကန်က တပ်တွေကို ရုပ်သိမ်းချင်ခဲ့တယ်။ ပြဿနာအစစ်အမှန်ကို ကျွန်တော်တို့ စပြီး မပြောသေးသရွေ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိမှာ မဟုတ်ပါဘူး။ အကြမ်းဖက် ခြိမ်းခြောက်မှုကြောင့် အိုက်စစ်တွေကို ကျွန်တော်တို့တိုက်ခဲ့တယ်။ အာဖဂန်နစ္စတန်မှာ တာလီဘန်နဲ့ သူတို့မဟာမိတ်တွေက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ပြုလုပ်လို့ ၁၀ နှစ်ကျော်လောက် အတိုင်းအတာတစ်ခုအထိ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် ခြိမ်းခြောက်မှုတွေ ပျောက်ကွယ်မသွားခဲ့ဘူး။ တစ်ခုတည်းသော နည်းလမ်းကတော့ သူတို့တွေ ပြန်ပြီး ခေါင်းမထောင်နိုင်အောင်နဲ့ ဒေသတွင်းနဲ့ အခြားနို်င်ငံတွေကိုပါ မခြိမ်းခြောက်နိုင်အောင် လုပ်ရပ်ပါမယ်။ သူတို့နိုင်ငံတွေကို ဒီနည်းနဲ့ အသုံးမပြုအောင် သေချာတဲ့ နိုင်ငံတွေ ဖြစ်လာဖို့ လုပ်ဆောင်ရပါမယ်။

AND-- ပြည်ပတပ်ဖွဲ့တွေ ထွက်ခွာသွားပြီးတဲ့နောက် အာဖဂန်နစ္စတန်ရဲ့ အနာဂတ်က ဘာဖြစ်မယ်လို့ ခင်ဗျားထင်သလဲ။

Chris--တာလီဘန်တို့က ဆက်လက်တိုက်ခိုက်နေမယ်။ အာဖဂန်သမ္မတဟောင်း ဒေါက်တာ နာဂျီဘူလာအစိုးရက ခဏတာကာလ ခုခံတိုက်ခိုက်သလိုပဲ အာဖဂန်အစိုးရက အတန်အသင့် ထိထိရောက်ရောက် ခုခံနိုင်လိမ့်မယ်။ အာဖဂန်ပြည်သူတွေလည်း ညှပ်ပူးညှပ်ပိတ်ခံရပါလိမ့်မယ်။ တာလီဘန်တိုနဲ့ ဆယ်စုနှစ်တစ်ခုလောက် တိုက်ခဲ့ကြ ပြီး ဆယ်စုနှစ်တစ်ခုလောက် သူတိုနဲ့ ဆွေးနွေးခဲ့ကြတယ်။ ခုချိန်မှာ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ရဲ့ ဆက်ဆံရေး၊ အထူးသဖြင့် ကြားခံစစ်ပွဲမှာ ပါဝင်တဲ့ ကြားခံစစ်တပ်ကို လူစုပေးခြင်း၊ ရန်ပုံငွေရှာဖွေပေးခြင်း၊ နဲ့ လက်နက်တပ်ဆင်ပေးတဲ့ ပါကစ္စတန်ရဲ့ အခန်းကဏ္ဍကို အာရုံစိုက်ရပါမယ်။ ပါကစ္စတန်ရဲ့ အခန်းကဏ္ဍကို ယနေ့ကာလမှာ ပြတ်ပြတ်သားသား ငြင်းဆိုမှာ မဟုတ်ပါဘူး။ မေလတုန်းက မှတ်မိပါလိမ့်မယ်။ အာဖဂန်သမ္မတအာရှက်ဂါနီက Spiegel မီဒီယာနဲ့ အင်တာဗျူးရာမှာ ပါကစ္စတန်ဟာ တာလီဘန်ကို ပံ့ပိုးထောက်ပံ့ပေးနေတယ်ဆိုတာ သူပြောခဲ့တယ်။ သူတို့ (ပါကစ္စတန်)အတွက် ရွေးချယ်ခွင့်ရှိတယ်။ သူတို့ မှားယွင်းတဲ့ ရွေးချယ်မှုကို လုပ်ခဲ့မယ်ဆိုရင် ဂျာမနီလို နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ပါလိမ့်မယ်။ ပါကစ္စတန်ရဲ့ နိုင်ငံရေးမှာ အခုဘာဖြစ်နေလဲဆိုတာ ကြည့်လိုက်ပါ။ စစ်ပွဲဟာ ပါကစ္စတန်အတွက်လည်း အသက်သာမကဘဲ ဂုဏ်သိက္ခာနဲ့ ကြွယ်ဝမှုအတွက်ပါ ထိခိုက်ဆုံးရှုံးစေမှာ ဖြစ်ပါတယ်။

AND-- ကြားဖြတ်အစိုးရဟာ အာဖဂန်နစ္စတန်အတွက် အဖြေတစ်ခုလို့ ခင်ဗျားထင်သလား။ မဟုတ်ရင် ဘယ်ဟာက အဖြေဖြစ်မလဲ။

Chris -- ဟုတ်ပါတယ်။ ပါကစ္စတန်ရဲ့ မူဝါဒကို ပြောင်းလိုက်ရင် အဖြေတစ်ခုဖြစ်လာပါလိမ့်မယ်။ အပစ်အခတ် ရပ်စဲသွားပါလိမ့်မယ်။ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားရင် ရွေးကောက်ပွဲတွေ ကျင်းပပြီး အာဖဂန်တွေအနေနဲ့ သူတို့ရဲ့ အစိုးရကို ရွေးချယ်နိုင်မှာ ဖြစ်သလို တာလီဘန်တို့ကလည်း သူတို့ကိုယ်တိုင် ရှင်းပြပြီး ဘယ်သူတွေက အခြေအနေကို ရိုးရိုးသားသားနဲ့ ပြောင်းလဲချင်သလဲ၊ နိုင်ငံအပေါ်မှာ ဘယ်သူတွေက ရိုးသားလဲ၊ ဘယ်သူတွေက မရိုးသားဘူးလဲဆိုတာ ခွဲခြားပြီး အာဖဂန်နစ္စတန်မှာ တာလီဘန်တွေဟာ မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝ ရလာစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုတွေ မရပ်တန့်ဘူးဆိုရင် အာဏာမျှဝေရေးနည်းလမ်းက မှားယွင်းတဲ့ ချဉ်းကပ်မှု နည်းလမ်းဖြစ်ပါတယ်။ တာလီဘန်တစ်ဖွဲ့က အစိုးရထဲမှာ ရှိနေချိန်မှာ အခြားတာလီဘန်တစ်ဖွဲ့က လက်နက်စွဲကိုင် ဆက်တိုက်နေဦးမယ်ဆိုရင် အလုပ်မဖြစ်ပါဘူး။ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့က အရေးကြီးဆုံးပါ။ အာဏာခွဲဝေမှ ရပ်မယ်ဆိုရင်လည်း ခွဲဝေကြပါ။ ဒါပေမယ့် ပါကစ္စတန်မှာရှိတဲ့ စစ်ရေးအုပ်စုကတော့ အပစ်အခတ်ရပ်တာ၊ သူတို့အနေနဲ့ ဖိအားအများအပြားအောက်မှာ ရှိနေသေးသရွေ့ အပစ်အခတ်ရပ်တာဖြစ်လာကို ခွင့်ပြုဖို့ မမြင်ပါဘူး။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required