ခြိမ်းခြောက်ခံရ၍ လုံခြုံရေးတိုးမြှင့်ထားရဟု မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

ခြိမ်းခြောက်ခံရ၍ လုံခြုံရေးတိုးမြှင့်ထားရဟု မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော
မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ၎င်းအပေါ် သိသာထင်ရှားသည့် ခြိမ်းခြောက်မှုတစ်ခု ရှိခဲ့ကြောင်း သြဂုတ် ၄ ရက်က ထုတ်ဖော်ခဲ့ပြီး ယခုအခါ အမေရိကန်အာဏာပိုင်များက ၎င်း၏ လုံခြုံရေးအတွက် တိုးမြှင့်လုပ်ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။ 

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ဖေဖေါ်၀ါရီလက စစ်တပ်က ဖြုတ်ချခဲ့သည့် မြန်မာရွေးကောက်ခံအရပ်သားအစိုးရကို ကိုယ်စားပြုနေသူလည်း ဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်များက ၎င်းအား ထုတ်ပယ်ကြောင်း ပြောသော်လည်း ကုလသမဂ္ဂက မြန်မာစစ်တပ်အာဏာသိမ်းမှုကို အသိအမှတ်ပြု လက်ခံထားခြင်း မရှိခြင်းကြောင့် လက်ရှိအချိန်အထိ ဦးကျော်မိုးထွန်းသည် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်ရှိနေသည်။ 

“ခြိမ်းခြောက်မှု တစ်ချို့ ရှိခဲ့ပါတယ်၊ ဒါနဲ့ပတ်သက်လို့ ရဲတွေက ဆောင်ရွက်နေပါပြီ၊ လိုအပ်တဲ့ လုံခြုံရေး အစီအမံတွေ ရဲတွေဘက်က ထောက်ပံ့ပေးထားပါတယ်” ဟု ဦးကျော်မိုးထွန်းက ရိုက်တာကို ပြောသည်။ ၎င်းသည် ခြိမ်းခြောက်မှုနှင့်ပတ်သက်ပြီး သြဂုတ် ၃ ရက်နေ့က သိရှိခဲ့ခြင်း ဖြစ်သည်။ 

ယင်းနှင့်ပတ်သက်ပြီး အခြား အသေးစိတ်အချက်အလက်များကို လက်တလော မသိရှိရပေ။ အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ကလည်း မှတ်ချက်ပေးရန် ပန်ကြားမှုကို အဖြေပေးခဲ့ခြင်း မရှိပေ။ အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျွန်တော်တို့ရဲ့ အကာအကွယ်ပေးမှု လုပ်ဆောင်ချက်တွေရဲ့ အသေးစိတ်ကို ကျွန်တော်တို့ ဆွေးနွေးမှာ မဟုတ်ပါဘူး” ဟု ပြောခဲ့သည်။ 

မြန်မာနိုင်ငံတွင် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အစိုးရထံမှ ဖေဖေါ်၀ါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဘက်ပြောင်းပြန်ဖြစ်စေရန် လိုအပ်သည့် နည်းလမ်းမှန်သမျှ အသုံးပြုရေး နိုင်ငံများကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပြီးနောက် ၎င်းအား နိုင်ငံ သစ္စာဖောက်မှုဖြင့် ထုတ်ပယ်ကြောင်း အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့ ထိန်းချုပ်သည့် ရုပ်သံကနေတဆင့် ပြီးခဲ့သည့် ဖေဖေါ်၀ါရီလအတွင်း ကြေညာခဲ့သည်။ 

ဦးကျော်မိုးထွန်းပင် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်ရှိနေမည်လား သို့မဟုတ် မြန်မာအာဏာသိမ်းစစ်အုပ်စုက ၎င်းနေရာတွင် သံတမန်သစ်တစ်ဦးနှင့် အစားထိုးခွင့်ရမည်လား ဆိုသည်နှင့်ပတ်သက်ပြီး ရှေ့လထဲတွင် ကုလသမဂ္ဂ၌ ‌နောက်ပိတ်ဆုံး ဆုံးဖြတ်ချက်တစ်ခု ရှိမည်ဟု သံတမန်များက မျှော်လင့်နေကြသည်။ 

မြန်မာအာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်က ကုလအတွင်းရေးမှူးချုပ်ထံ စာရေးသားပေးပို့ပြီး ၎င်းသည် ကုလဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဦးအောင်သူရိန်ကို ခန့်အပ်ကြောင်း ပြောခဲ့သည်။ 

ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားပြုခွင့်အတွက် အပြိုင်အဆိုင် တင်သွင်းမှုကို နိုင်ငံကိုးနိုင်ငံပါ သံတမန် စိစစ်အသိအမှတ်ပြုလက်ခံရေး ကော်မတီတစ်ခုက စဥ်းစားဆုံးဖြတ်သွားမည်ဖြစ်သည်။ အဆိုပါကော်မတီသည် ကုလ အထွေထွေညီလာခံ၏ ၇၆ ကြိမ်‌မြောက် အစည်းအဝေးမတိုင်မီ ရှေ့လထဲတွင် တွေ့ဆုံသွားရန် ရှိနေသည်။

**************************

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။

https://bit.ly/2VhJ12U

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required