နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၄ ဩဂုတ် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၄ ဩဂုတ် ၂၀၂၁)
ပုံ -  မန္တလေးမြို့ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး မဟာမိတ်တပ်ပေါင်းစုသပိတ်စစ်ကြောင်း ( Photo - CJ)

 ရန်ကုန်တိုင်းဒေသကြီး

·       ရန်ကုန်တွင် ယနေ့ သြဂုတ်လ ၄ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် အိမ်စောင့် စစ်ခွေး မောင်းချရေး ချီတက် ဆန္ဒပြမည့် လူငယ်များအား အကြမ်းဖက် စစ်တပ်က ဖြိုခွင်းရန် အရပ်ဝတ်များဖြင့် စောင့်ဆိုင်းနေ သောကြောင့် သပိတ် မထွက်ဖြစ်ဘဲ အချိန်မှီ လူစုခွဲနိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး

·       မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာယမန်နေ့က နေ့စဉ်ပြုလုပ်နေကျဖြစ်သော ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက် ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များက မေတ္တသုတ် မောရသုတ်ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ပြီးနောက် အကြမ်းဖက် အိမ်စောင့်စစ်ခွေး မောင်းချရေး ညသပိတ်ပြုလုပ်ခဲ့သည်။

·       မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ နေ့စဉ် ပြုလုပ်နေကျဖြစ်သော အသံမတိတ် အလံမလိပ် ပြည်/ခွန် ညသပိတ်ကို သြဂုတ်လ ၃ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး "ဒီပွဲကိုအနိုင်တိုက်မှာ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး။ အာဏာရူးတွေ အသေပဲထွက်ရမယ်" ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

·       မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် အ.လ.က (၁၂) အခြေခံကျောင်းသားများသမဂ္ဂ(အကသ) အဖွဲ့ဝင်များ ဦးဆောင်ကာ သြဂုတ်လ ၃ရက်နေ့ ညပိုင်းက အကြမ်းဖက် အိမ်စောင့် စစ်ခွေး မောင်းချရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၄ ရက်နေ့တွင် ပရိတ်ရွတ်မေတ္တာပို့ပြီး အကြမ်းဖက် အိမ်စောင့်စစ်ခွေး မောင်းချရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

·       မန္တလေး ပုသိမ်ကြီးမြို့နယ် ကြူဝန်းရွာထဲကို စစ်ကောင်စီတပ်က သေနတ်၊ အသံဗုံးများဖြင့် အချက်ပေါင်း များစွာပစ်ခတ်ဝင်ရောက်ပြီး ရွာသား ၁၅ ယောက်ကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

·       မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၄ရက်နေ့တွင် အကြမ်းဖက် အိမ်စောင့် စစ်ခွေး မောင်းချရေး ၁၇၇ ရက်မြောက်နေ့အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       အကြမ်းဖက် အိမ်စောင့် စစ်ခွေး မောင်းချရေး မန္တလေး မဟာမိတ် တပ်ပေါင်းစု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၄ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

·       မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာတစ်ရွာတွင်  သြဂုတ်လ ၃ရက်နေ့ ညပိုင်းက အကြမ်းဖက် အိမ်စောင့် စစ်ခွေးကို သံပုံးတီးကာ ပြည်သူများ မောင်းချပြီး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်များက ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှင့်ပတ်သက်ပြီး ကုလအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလ အတွင်းရေးမှူးချုပ်ထံ စာရေးသားပေးပို့ တိုင်ကြား လိုက်သည်။

·       စစ်ကိုင်းတိုင်း၊ ကလေးမြို့ပြည်သူများမှ "သွေးအေးသွားရင် ခွင့်မလွှတ်ကြေး" စာသားများပါသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ ချီတက် သပိတ်မှောက်ခဲ့ကြသည်။

·       စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့အနောက်ဘက် ဝါးရငယ်မူးဘောင်တောင်အနီးတွင် ဩဂုတ်လ ၄ ရက် နံနက်ပိုင်းက ဦးခေါင်းဖြတ်အသတ်ခံထားရသည့် အမျိုးသား အလောင်းနှစ်လောင်းတွေ့ရကြောင်း ဒေသခံများက ပြောသည်။

·       စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သောင်းဟာ ဩဂုတ် ၃ ရက်နေ့က ဓားခုတ်ခံရပြီး သေဆုံးသွားပါတယ်။

·       စစ်ကိုင်းတိုင်းသည် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အများဆုံးနုတ်ထွက်နေကြသည့် တိုင်းဒေသကြီး တစ်ခုဖြစ်လာနေသည်။

·       စစ်ကိုင်းတိုင်း ကလေးမြို့ လေဆိပ်မှာ ဩဂုတ် ၃ ရက်နေ့က စစ်လေယာဉ်ဖြင့် စစ်ကောင်စီတပ်သား အများအပြား ရောက်ရှိလာတာတွေ့ရကြောင်း ကလေးမြို့ ဒေသခံများက ပြောသည်။

·       မုံရွာတွင် လူငယ်များဦးဆောင်ကာ ယနေ့ သြဂုတ်လ ၄ရက်နေ့က မိုးထဲရေထဲ အကြမ်းဖက် အိမ်စောင့် စစ်ခွေး မောင်းချရေး ဆိုင်ကယ်များဖြင့် လှည့်လည် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး

·       ကျဆုံးခဲ့သည့် မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုဖိုးဌေးအား မြိုင်နယ်သားများမှ ဦးညွှတ်အလေးပြုခဲကြသည့် အခမ်းအနားတစ်ခုကို  ဩဂုတ်လ ၃ ရက် ညပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။

·       စစ်တပ်၏ ရွာလုံးကျွတ်နီးပါးမီးရှို့ခံရသည့် ပေါက်မြို့နယ်၊ ကင်းမရွာက သူနာပြုတက္ကသိုလ်ကျောင်းသူ မသဉ္ဇာထွန်းနှင့် လူငယ်သုံးဦးကို အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး

·       တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျောင်းသားပြည်သူများသည် သြဂုတ်လ ၄ ရက် မွန်းလွဲပိုင်း မိုးရေထဲတွင် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

·       လောင်းလုံးမြို့နယ် ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဖြင့် ချီတက် ဆန္ဒပြခဲ့ကြသည်။

·       လောင်းလုံးမြို့နယ် အောက်ဖက်ကျေးလက်ဒေသတွင် ယနေ့ သြဂုတ်လ ၄ရက်နေ့ ညနေပိုင်းက အကြမ်းဖက် အိမ်စောင့်စစ်ခွေး မောင်းချရေး လူငယ်များ ဦးဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်

·       ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အခြေစိုက် ခလရ ၅၈ တပ်ရင်းမှ သြဂုတ်လ ၃ ရက် ည ၇ နာရီ ၄၀ မှ စတင်ကာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုများကြောင့် အနီးဝန်းကျင်ရှိ လဘန်ကျေးရွာမှ နေအိမ်များ၊ ကားများ နှင့် အိမ်မွေးဝက်များ ကျည်ထိမှန် သေဆုံးကြောင်း သိရသည်။

·       ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ ကျောင်းသားပြည်သူများသည် သြဂုတ်လ ၄ ရက် နံနက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကိုထောက်ခံကြောင်း ကြွေးကြော်ကြပြီး စစ်အာဏာရှင် အမြစ်ပြတ် ကျဆုံးရေး ချီတက်ဆန္ဒပြကြသည်။

·       ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ယနေ့နံနက်က ဆိုင်ကယ်သပိတ် စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။

·       ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်‌အို) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ဘက်ကို ဩဂုတ် ၃ ရက် ည ၁၁ နာရီခွဲ လောက်ကစပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ပြီး လက်နက်ကြီး ကျည် တချို့ တရုတ်နိုင်ငံဘက်ခြမ်းကို ၂ ကြိမ်တိုင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်

·       ဘော်လခဲနှင့် ဖရူဆိုမြို့နယ်အတွင်း ကရင်နီတပ်ဖွဲ့များနှင့် ယမန်နေ့ သြဂုတ်လ ၃ ရက် တွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး အထိနာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာ တွင်းဝင် ရောက်ပြီး နေအိမ်များ၊ ဆိုင်ခန်းများကို လက်နက်ငယ်များဖြင့် ပစ်ခတ်ဖျက်ဆီးကာ
ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အသက် ၇၀ အရွယ်ရှိ အဖိုးအိုတစ်ဦးကို နေအိမ်တွင်းသို့ ဝင်ရောက်ရိုက်နှက်ပြီး ဖုန်းနှင့် ပိုက်ဆံများ လုယူသွားသည်ဟု ဒေသခံတစ်ဦးမှ ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly