ဂျပန် - မဲခေါင်အစည်းအ‌ဝေးတွင် စစ်ကောင်စီကို မဖိတ်ကြားဖို့ ဂျပန်ရောက်မြန်မာများ ကန့်ကွက်ဆန္ဒပြ 

ဂျပန် - မဲခေါင်အစည်းအ‌ဝေးတွင် စစ်ကောင်စီကို မဖိတ်ကြားဖို့ ဂျပန်ရောက်မြန်မာများ ကန့်ကွက်ဆန္ဒပြ 

ဩဂုတ် ၄

ဂျပန်နိုင်ငံက ဦးဆောင်ကျင်းပမယ့်  ဂျပန်- မဲခေါင် အစည်းအဝေးမှာ  အာဏာသိမ်းစစ်ကောင်စီကို ပြည်သူ့အစိုးရအဖြစ် ဖိတ်ကြားခြင်း မပြုလုပ်ဖို့  ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက သြဂုတ် ၄ ရက် မြန်မာစံတော်ချိန် မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ဂျပန်ရောက် မြန်မာတွေက အကြမ်းဖက်စစ်ကောင်စီကို အလိုမရှိကြောင်း ‌ကြွေးကြော်ခဲ့ပြီး စစ်ကောင်စီကို ပြည်သူ့အစိုးရအဖြစ် ဖိတ်ကြားခြင်းမပြုဖို့ ၊မြန်မာပြည်သူ‌တွေကို လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများပေးဖို့ နဲ့ NUG အစိုးရနဲ့သာ ပူးပေါင်းလုပ်ဆောင်ပေးဖို့ တို့ကို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

“အခုလာမယ့်အစည်းအဝေးမှာ မြန်မာဘက်က အကြမ်းဖက်စစ်ကောင်စီ တက်ရောက်မယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ အတည်ပြုထုတ်ပြန်ထားခြင်းမရှိသေးဘူး။ ပြည်သူ့အစိုးရလက်ထက်နဲ့ ယနေ့အာဏာလုထားတဲ့ စစ်အုပ်စုလက်ထက်အခြေအနေကို ယှဉ်တွဲပြီး ကိုရိုနာနဲ့ပတ်သက်တဲ့တုန့်ပြန်မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှု မှတ်တမ်းတွေအရ သေချာလေ့လာသုံးသပ်စေချင်တယ်။ စကစကိုဖိတ်ခေါ်တယ်ဆိုရင် ဂျပန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေအပေါ် ကြီးမားတဲ့လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်ဖို့ အားပေးအားမြှောက် လုပ်တာနဲ့ အတူတူပဲဖြစ်တယ်။ဒါကြောင့်ဂျပန်အစိုးရအနေနဲ့ အမျိုးသားအကျိုးစီးပွားကိုဦးစားပေးတယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ဆန္ဒကိုလေးစားသင့်ပါတယ် “ လို့ဆန္ဒပြရာမှာပါဝင်သူတွေကဆိုပါတယ်။ 

ဂျပန် - မဲခေါင်အစည်းအဝေးကို ဩဂုတ်လ ၆ ရက်မှာ ကျင်းပမှာဖြစ်ပြီး မဲခေါင်မဟာမိတ်နိုင်ငံ‌တွေဖြစ်တဲ့ ထိုင်း ၊လာအို ၊ကမ္ဘာဒီးယား ၊ဗီယက်နမ် နဲ့ မြန်မာနိုင်ငံတို့ကို မဲခေါင်ဒေသဖွံ့ဖြိုးရေး၊ကိုရိုနာကူးစက်မှုမပြန့်ပွားရေး နဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတို့အတွက် အဓိက တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါအစည်းအဝေးကို ပြီးခဲ့တဲ့ မတ်လ အတွင်းက ပြုလုပ်ဖို့ရည်ရွယ်ထားပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် အစည်းအဝေးကို  သြဂုတ် ၆ ရက်မှာ ပြုလုပ်ဖို့ ရွေ့ဆိုင်းထားတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly