တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း အိမ်ရှင်တရုတ်၊ အီရန်၊ မက္ကစီကိုတို့နှင့် ပတ်လည် ကစားရမည်

တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း အိမ်ရှင်တရုတ်၊ အီရန်၊ မက္ကစီကိုတို့နှင့် ပတ်လည် ကစားရမည်
တရုတ်ဖူဆယ်ဖိတ်ခေါ်ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း။ (ဓာတ်ပုံ- MFF)
 

ဒီဇင်ဘာ ၁၁၊ ရန်ကုန်။            ။ တရုတ်ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် 2015 CFA Futsal International Tournament ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အိမ်ရှင်တရုတ်၊ အီရန်၊ မက္ကစီကို စသည့်အသင်းများနှင့် အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက်ထိ တရုတ်နိုင်ငံ ချန်ရှူးမြို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပြိုင်ပွဲကို တစ်နေ့လျှင် ပွဲစဉ် နှစ်ပွဲနှုန်းဖြင့် သုံးရက်ဆက်တိုက် ကျင်းပသွားမည် ဖြစ်သည်။

 မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းကို လက်ရှိတွင် နည်းပြချုပ်အဖြစ် အီရန်လူမျိုးနည်းပြ ဆာအိက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လက်ရွေးစင်ကစားသမား ၁၅ ဦးဖြင့် သွားရောက်ယှဉ်ပြိုင်မည်   ဖြစ်သည်။

မြန်မာဖူဆယ်အသင်းသည် ဒီဇင်ဘာ ၁၆ ရက်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာကာ ဒီဇင်ဘာ ၁၇ ရက်၌ ပြိုင်ပွဲကျင်းပမည့် ချန်ရှူးအားကစားကွင်းတွင် လေ့ကျင့်မှု ပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာဖူဆယ်အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် အီရန်အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ဒုတိယမြောက်ပွဲစဉ်အဖြစ် အိမ်ရှင်တရုတ်အသင်း၊ နောက်ဆုံးပွဲစဉ်အဖြစ် မက္ကဆီကိုအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ယင်းဖူဆယ်ပြိုင်ပွဲကို အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အုပ်စုတွင်း ရမှတ်အများဆုံးအသင်းက ဗိုလ်စွဲနိုင်မည် ဖြစ်သည်။

 မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် အဆိုပါ တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း ထိုင်းအသင်းကို ၇-၅၊  မက္ကစီကိုအသင်းကို ၂-၁၊ တရုတ်အသင်းကို ၇-၂ တို့ ဖြင့် ပွဲစဉ်တိုင်း ရှုံးနိမ့်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags