တရုတ်အပေါ် အမျက်ဒေါသထွက်နေသည့် နိုင်ငံများအနေဖြင့် ရှီကျင့်ဖျင်၏ ပျော့ကွက်ကို အသုံးချသွား၍ ရနိုင်ဟု ဆို

တရုတ်အပေါ် အမျက်ဒေါသထွက်နေသည့် နိုင်ငံများအနေဖြင့် ရှီကျင့်ဖျင်၏ ပျော့ကွက်ကို အသုံးချသွား၍ ရနိုင်ဟု ဆို

ယူကေနှင့် အခြားသော ကမ္ဘာ့နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ ပျော့ကွက်အပေါ် အခွင့်ကောင်းယူ အသုံးချသွား၍ ရနိုင်ကြောင်း ယူကေ အောက်လွှတ်တော် ကာကွယ်ရေးဆိုင်ရာ အထူးကော်မတီ ဥက္ကဋ္ဌ၊ ကွန်ဆာတေးဗစ်အမတ် တိုဘိုင်ယာ့စ် အယ်လ်ဝု(ဒ်)က အခိုင်အမာ ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံ၏ ပြည်တွင်းနှင့် နိုင်ငံတကာအလယ်တွင် ပြုမူလုပ်ဆောင်ချက်များမှာ လက်သင့်ခံနိုင်စရာ မရှိကြောင်းနှင့် အဆိုပါ ကွန်မြူနစ်နိုင်ငံကို ယင်း၏လမ်းကြောင်းအတိုင်း ဆက်သွားနေခြင်းကနေ တားဆီးရလိမ့်မည်ဖြစ်ကြောင်း မစ္စတာ အယ်လ်၀ုဒ်က Express.co.uk နှင့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

ယင်းကို လုပ်ဆောင်ရန် အကြီးမားဆုံး နည်းလမ်းတစ်ခုမှာ တရုတ်၏ စီးပွားရေးကို လွှမ်းမိုးရန်ပင်ဖြစ်ကြောင်း အဆိုပါ ကွန်ဆာတေးဗစ်ပါတီ၀င် လွှတ်တော်အမတ်က ပြောသည်။

တရုတ်သည် ကုန်သွယ်မှုအတွက် ကမ္ဘာ့နိုင်ငံများအပေါ် ဆက်လက်အမှီအခိုပြုနေရဆဲဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောသည်။

ယင်းကို အာရုံပြုလျက်ဖြင့် တရုတ်တို့ ဒဏ်ခတ်မခံရဘဲဖြင့် ယင်း၏ သဘောဆန္ဒများအတိုင်း လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ခြင်း မရှိစေရန် ကမ္ဘာလုံးဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာ ကုန်သွယ်မှု စည်းမျဥ်းသစ်များ ထူထောင်ရမည်ဖြစ်ကြောင်း ၎င်းက အကြံပြုပြောဆိုခဲ့သည်။

“ဖြစ်နိုင်ခြေရှိ စစ်အေးတိုက်ပွဲတစ်ခုဆီ ကျွန်တော်တို့ ဦးတည်နေစဥ်မှာ အလေးပေး ပြောရမယ့် တရုတ်ရဲ့ အကြီးဆုံး ပျော့ကွက်ကတော့ ကျွန်တော် ထင်ပါတယ်၊ ကုန်သွယ်မှုပဲ ဖြစ်ပါတယ်” ဟု မစ္စတာ အယ်လ်ဝု(ဒ်)က ပြောခဲ့သည်။

“တရုတ်အနေနဲ့ ယင်းရဲ့ ကြီးထွားလာနေတဲ့ အလယ်အလတ်တန်းစားတွေကို ကျွေးမွေးဖို့အလို့ငှာ ကုန်သွယ်မှုပြုဖို့အတွက် ကမ္ဘာ့ကျန်နိုင်ငံတွေနဲ့အကြား ဆက်ဆံရေးတစ်ခု ရှိဖို့ လိုအပ်ပါတယ်”

“အရမ်းကို အမှီအခိုကင်းခဲ့ပြီး အရမ်းကို မိမိဘာသာအားဖြည့်ခဲ့တဲ့ ဆိုဗီယက် ယူနီယံနဲ့ မတူပဲ ယင်းရဲ့ စီးပွားရေးကို အောင်မြင်စည်ပင်ခွင့်ပြုတာ ဖြစ်ပါတယ်”

“ကျွန်တော်တို့ တရုတ်ကို ဦးတည်ရာ လှည့်စေအောင် လုပ်နိုင်မယ်ဆိုရင် တရုတ်ဟာ ဘယ်နေရာကိုမှ သွားစရာ မရှိတော့ပါဘူး၊ ဒါက တရုတ်ရဲ့ ရာစုနှစ်ပါပဲ” ဟု မစ္စတာ အယ်လ်၀ုဒ်က ပြောသွားခဲ့သည်။

“ပြီးတော့ ကျွန်တော်တို့ လုပ်သွားရမှာက ကမ္ဘာ့ဂျီဒီပီ အများစုကို ကိုယ်စားပြုမယ့် နိုင်ငံတွေ ပါ၀င်အတည်ပြုဖို့ လိုအပ်မယ့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနဲ့ လုံခြုံရေးစည်းမျဥ်းတွေ ထူထောင်ဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly