တရုတ်အစိုးရကြောင့် ရင်းနှီးမြှုပ်နှံသူများ ဇူလိုင်လအတွင်း ဒေါ်လာ ဘီလျံပေါင်းများစွာ ဆုံးရှုံး

By The Wall Street Journal
04 August 2021
တရုတ်အစိုးရကြောင့် ရင်းနှီးမြှုပ်နှံသူများ ဇူလိုင်လအတွင်း ဒေါ်လာ ဘီလျံပေါင်းများစွာ ဆုံးရှုံး

တရုတ်အစိုးရ၏ စည်းမျဉ်းထိန်းချုပ်မှုများ ကျယ်ပြန့်စွာ ဆက်တိုက် လုပ်ဆောင်မှုကြောင့် အမေရိကန်တွင် မှတ်ပုံ တင်ထားသည့် တရုတ်ကုမ္ပဏီများ ယခုလအတွင်း ဒေါ်လာ ဘီလျံ ၄၀၀ ခန့် ဆုံးရှုံးခဲ့ရသဖြင့် အဆိုပါနိုင်ငံသည် အမေရိကန် ရင်းနှီးမြှုပ်နှံသူများအတွက် စွန့်စားမှု လုပ်သင့် မလုပ်သင့်ကို မေးခွန်းထုတ်လာကြသည်။

အမြတ်အစွန်းရရှိသည့် ကျူရှင်သင်တန်းများကို ထိန်းချုပ်ရန် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့် နည်းပညာကုမ္ပဏီများအပေါ် ကန့်သတ်မှုများကြောင့် ကယ်လီဖိုးနီးယားပြည်နယ်ရှိ ပင်စင်ရန်ပုံငွေ ကုမ္ပဏီဖြစ်သည့် Orange County Employees Retirement System မှအစပြု၍ ငွေကြေးစီမံရေးဆိုင်ရာ William Blair & Co. အထိ လုပ်ငန်းများသည် ၎င်းတို့၏ အစုရှယ်ယာများနှင့် ပတ်၍ ပြန်လည်သုံးသပ်လာကြသည်။

အဆိုပါ လုပ်ဆောင်ချက်များကြောင့် တရုတ်၏ စတော့ဈေးကွက်သည် ကဏ္ဍအသီးသီးတွင် ကျဆင်းလာခဲ့ကာ အမေရိကန်ကုမ္ပဏီများက အာရှတွင် လုပ်ဆောင်မည့် ငွေကြေး ရင်းနှီးမြှုပ်နှံမှုများကိုလည်း ထိခိုက်စေခဲ့သည်။

အမေရိကန်ရင်းနှီးမြှုပ်နှံသူများက ပြည်ပကုမ္ပဏီတစ်ခုခုတွင် ပိုင်ဆိုင်ထားသည့် ရှယ်ယာအရေအတွက်ကို ဖော်ပြသည်စာရင်း (ADR) သည် ကျူရှင်သင်ကြားရေး လုပ်ငန်းဖြစ်သည့် TAL Education Group တွင် ဇူလိုင် ၃၀ နံနက်ပိုင်းတွင် ဒေါ်လာ ၆ ဒသမ ၁၉ အထိ ၇၀ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။

New Oriental Education & Technology Group Inc. ၏ ရှယ်ယာဈေးသည်လည်း ဇူလိုင် ၂၂ ရက်နောက်ပိုင်း အကြမ်းဖျင်းအားဖြင့် ၆၆ ရာခိုင်နှုန်းကျဆင်း၍ ဇူလိုင် ၃၀ ရက်တွင် ဒေါ်လာ ၂ ဒသမ ၂၄ သို့ ကျဆင်းခဲ့သည်။

ယခုကဲ့သို့ စည်းမျဉ်းတင်းကြပ်မှုများကြောင်း Tencent Holdings Ltd. ကဲ့သို့ လုပ်ငန်းကြီးများ၏ တန်ဖိုးကို ထိခိုက်စေခဲ့သည်။

Alibaba Group Holding Ltd. ၎င်း၏ Ant Group Co. ကုမ္ပဏီနှင့် အာဏာပိုင်တို့၏ အမျက်ဒေါသကို ရှောင်ရှားနိုင်ရန် အများပိုင် ပြုလုပ်ရေးအတွက် စဉ်းစားနေသည့် Didi Global Inc., ကုမ္ပဏီတို့သည်လည်း တရုတ်အစိုးရ၏ စည်းမျဉ်းတင်းကြပ်မှုဒဏ်ကို ကြုံတွေ့နေရသဖြင့် အနောက်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ အတွက် စိုးရိမ်စရာ အခြေအနေဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly