ဂရိမှာ တောမီးလောင်ပြီး အေသင်မြို့ဆီ သွားလမ်း ပြတ်တောက် 

ဂရိမှာ တောမီးလောင်ပြီး အေသင်မြို့ဆီ သွားလမ်း ပြတ်တောက် 

ဩဂုတ် ၄

ပြင်းထန်တဲ့ အပူလှိုင်း ကျရောက်နေတဲ့ ဂရိနိုင်ငံမှာ အင်္ဂါနေ့က တောမီးလောင်ကျွမ်းရာ အေသင်မြို့ကနေ နိုင်ငံ မြောက်ပိုင်းနဲ့ တောင်ပိုင်းဆီ ချိတ်ဆက်ထားတဲ့ အဓိက ကားလမ်းမကြီး အသွားအလာ ပြတ်တောက်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

အေသင်မြို့တော် မြောက်ပိုင်း ကီလိုမီတာ ၃၀ (မိုင် ၂၀) အကွာက ပါနီသာတောင်ခြေဆီ မီးက ကူးစက်ပြန့်နှံ့တာကြောင့် မြို့ပြကာကွယ်ရေးဌာနဟာ ဒေသခံတွေကို တပ်လှန့်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ 

အဲဒီ ဧရိယာမှာ နေထိုင်ကြသူတွေအနေနဲ့ အဆောက်အအုံတွေဆီ မီး နီးကပ်လာတာကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ကို မီးသတ်ဌာနက အကြံပြုထားပါတယ်။ 

အေသင်မြို့ ဆင်ခြေဖုံး ဗာရမ်ပွမ်ပီအနီးက အားလပ်ရက်အပန်းဖြေစခန်းကနေ ကလေးငယ် ဒါဇင်များစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှု ဆောင်ရွက်ခဲ့ရတယ်လို့ ဌာနေမီဒီယာတွေက ထုတ်ပြန်ပါတယ်။ 

ဂရိတော်ဝင်မိသားစုဟောင်းရဲ့ နွေရာသီနန်းတော် တာတွိုင်နဲ့ ဘုန်းကြီးကျောင်းအချို့ အပါအဝင်ဖြစ်တဲ့ ဧရိယာဇုန်မှာ ရဟတ်ယာဉ် ငါးစင်း၊ ရေဖျန်းလေယာဉ် ငါးစင်း၊ မီးသတ်ကား ၇၀ နဲ့ မီးသတ်သမား ၇၅၀ နဲ့ မီးကို ငြှိမ်းသတ်နေကြောင်း မီးသတ်ဌာနက ပြောပါတယ်။ 

မြို့တော်ကနေ ကီလိုမီတာ ၃၀၀ အကွာမှာ ရှိတဲ့ တောင်ပိုင်း ပီလိုပွန်နက်စ်ဒေသမှာ အင်္ဂါနေ့ နေ့လယ်ပိုင်း တောမီး စတင်လောင်ကျွမ်းချိန်ကစလို့ ကျေးရွာ သုံးရွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။ 

၂၄ နာရီအတွင်း တောမီး ဟိုတစ်စ သည်တစ်စ လောင်ကျွမ်းမှု ၅၀ လောက် ရှိကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပြီး မီးသတ်သမားတွေဟာ မီးငြှိမ်းသတ်နိုင်ရေး ကြိုးစားနေရပါတယ်။ 

“၁၉၈၇ ခုနှစ်နောက်ပိုင်း အဆိုးဆုံး အပူလှိုင်း ကျရောက်တာကို ကျွန်တော်တို့ ရင်ဆိုင်နေရပါတယ်”လို့ ဝန်ကြီးချုပ် ကေရီယာကို့စ် မီဆိုတာ့ကစ်က အခု သီတင်းပတ်မှာ ပြောပါတယ်။ 

ရာသီဥတုပြောင်းလဲမှုကြောင့် တောမီးတွေ မကြာခဏ ဆိုးဆိုးဝါးဝါး လောင်ကျွမ်းတာ များလာကြောင်း ပညာရှင်တွေက ပြောကြပါတယ်။ 

အေသင်မြို့ အနောက်ဖက် ကီလိုမီတာ ၂၀၀ က ပါထရတ်စ်မြို့နားမှား တနင်္ဂနွေနေ့က တောမီးလောင်ခဲ့ပြီး ထင်းရူးပင်နဲ့ သံလွင်ပင် ဧက ၇၄၀၀ ကျော် မီးလောင်ခဲ့ပါတယ်။ အဲဒီ တောမီးကိုတော့ တနင်္လာနေ့မှာ ငြှိမ်းသတ်ထားနိုင်ခဲ့ကြောင်း သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly