ကပ်ဘေး ၃ ဆင့်ကို ဖြတ်ကျော်နိုင်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ တာဝန်ကြီးကြီးမားမားရှိတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြော

ကပ်ဘေး ၃ ဆင့်ကို ဖြတ်ကျော်နိုင်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ တာဝန်ကြီးကြီးမားမားရှိတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြော

ဩဂုတ် ၄

မြန်မာနိုင်ငံအတွင်း လက်ရှိကြုံနေကြရတဲ့ လက်နက်ခဲယမ်းတိုက်ပွဲ ကပ်ဘေး၊ ရောဂါဘယကပ်ဘေးနဲ့ ဆင်းရဲမွဲတေ ငတ်မွတ်မှုကပ်ဘေး စတဲ့ ကပ်ဘေးသုံးဆင့်စလုံးကို ဖြတ်ကျော်နိုင်ဖို့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေမှာလည်း တာဝန်ကြီးကြီးမားမားရှိတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဒီနေ့ ဩဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းက စတင်ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးမှာ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းကိုယ်စား PPST အဖွဲ့ဝင်ဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အဖွင့်အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ခြောက်လတာ ကာလအတွင်း လက်နက်ခဲယမ်းတိုက်ပွဲကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ပြီးဖြစ်သလို ကိုဗစ်ကပ်ဘေးကြောင့်လည်း လူသောင်းနဲ့ချီ သေဆုံးနေပြီး ဒီကပ်ဘေးနှစ်ပါးကို လွန်လို့ရှိရင် ရင်ဆိုင်လာရမယ့် ဆင်းရဲငတ်မွတ်မှုဘေးကလည်း အင်မတန် ကြီးမားတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဒါကြောင့် ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ့်ရဲ့တာဝန်ရှိမှုကို ကျရာပခုံးပေါ်မှာ ထမ်းဆောင်ပြီး တိုင်းပြည်အကျိုး၊ ပြည်သူအကျိုး ဆက်လက်ဆောင်ရွက်နိုင်ကြဖို့ဗိုလ်မှူးကြီး ခွန်ဥက္ကာက တိုက်တွန်းခဲ့ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်း အဝေးကို မနက်ဖြန် ဩဂုတ်လ ၅ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

PPST အဖွဲ့ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် နှစ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို အဖွဲ့ခေါင်းဆောင်အဖြစ်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့မှာ တရားဝင် နှုတ်ထွက်ခွင့် ပြုခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly