ဗီယက်နမ်လေဆိပ်ကော်ပိုရေးရှင်းက ပြည်သူများထံသို့ ကန်ဒေါ်လာ ၄၉ ဒသမ ၆ သန်းဖိုးထိ ရှယ်ယာ ရောင်းချပေး

ဗီယက်နမ်လေဆိပ်ကော်ပိုရေးရှင်းက ပြည်သူများထံသို့ ကန်ဒေါ်လာ ၄၉ ဒသမ ၆ သန်းဖိုးထိ ရှယ်ယာ ရောင်းချပေး

ဒီဇင်ဘာ ၁၁ ။             ။ ဗီယက်နမ်လေဆိပ်များ၏ တစ်ဦးတည်းသော အော်ပရေတာဖြစ်သော ဗီယက်နမ် လေဆိပ်ကော်ပိုရေးရှင်းသည် နိုင်ငံတွင် အကြီးဆုံးဖြစ်သော  ပြည်သူများထံသို့ ပထမဆုံး စတော့ရှယ်ယာများထုတ်ရောင်းသည့် လုပ်ငန်းစဉ် IPO တွင် ယခုနှစ်အတွက် ကန်ဒေါ်လာ ၄၉ ဒသမ ၆ သန်းထိ ရောင်းချပေးခဲ့သည်။

လေဆိပ်ကော်ပိုရေးရှင်းသည် ဟိုချီမင်းစတော့အိတ်စ်ချိန်းတွင် ရှယ်ယာတစ်စုလျင် ပျမ်းမျှတန်ဖိုး ဗီယက်နမ်ဒေါင် ၁၄,၃၄၄ ရှိ အစုရှယ်ယာပေါင်း ၇၈ သန်းကို ရောင်းချခဲ့သည်ဟု ယင်း၏ ဝက်ဆိုဒ်တွင်   ဖော်ပြထားသည်။ 

ယင်းသည် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများထံမှ ရှယ်ယာ ၁၁၄ သန်းအတွက် ကမ်းလှမ်းမှုများကို လက်ခံရရှိခဲ့သည်ဟု ဆိုသည်။ ကုမ္မဏီသည် ဆက်လက်၍လည်း နောက်ထပ် ရှယ်ယာပေါင်း ၄၄၉ သန်းရောင်းချသွားမည်ဖြစ်သည်။

"ဒါကို ကြည့်ရတာ အရမ်းကို အားရစရာကောင်းပါတယ်" ဟု VP Bajnk Securities JSC မှ အရောင်းဌာနအကြီးအကဲ မာ့ဒီဂျန်ဂျီက ဆိုသည်။ IPO တွင် ရှယ်ယာဝယ်ယူမှုများပြားနေပြီး ဆက်လက်၍လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများစွာကို ဆွဲဆောင်နိုင်သည်ဟု သိရသည်။

ဗီယက်နမ်၏ အရပ်ဘက် လေကြောင်းလုပ်ငန်းသည် အလျင်အမြန်တိုးတက်လာနေပြီး ပြည်တွင်းလေကြောင်းခရီးသွားဦးရေမှာလည်း ယခုနှစ်ပထမဆယ်လတွင် ၂၇ ရာခိုင်နှုန်းမြင့်တက်လာကာ ၂၅ ဒသမ ၆ သန်းထိ ရှိခဲ့သည်။အစိုးရသည် ယင်း၏ လုပ်ငန်းရှယ်ယာများကို ဇူလိုင်လမှစ၍ ကုမ္မဏီ ၇၉ ခုသို့ ရောင်းချပေးခဲ့သည်ဟု လက်ထောက်ဘဏ္ဍာရေး ဝန်ကြီး ထရန်ဘန်ဟီအူက ပြောသည်။

လေဆိပ်ကော်ပိုရေးရှင်း IPO လုပ်ငန်းစဉ်တွင် အမြင့်ဆုံးဈေးပေးမှုအဖြစ် ရှယ်ယာတစ်စုလျင် ဒေါင်ငွေ ၃၈,၃၀၀ နှင့် အနိမ့်ဆုံး ဒေါင် ၁၃,၁၀၀ တို့ဖြစ်ကြသည်။ ပျမ်းမျှ ရှယ်ယာ ဝယ်ယူမှုနှုန်းထားသည် အနိမ့်ဆုံး ရှယ်ယာဈေးနှုန်း ဒေါင် ၁၁,၈၀၀ ထက် ၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

ဗီယက်နမ် လေဆိပ်ကော်ပိုရေးရှင်းသည် လက်ရှိတွင် အရပ်ဘက်လေဆိပ် ၂၂ ခုကို စီမံခန့်ခွဲနေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly