စစ်ဝါဒီတွေ ရှိနေသရွေ့ နေ့ရက်တိုင်းဟာ D-Day ပဲ... (ဆောင်းပါး)

စစ်ဝါဒီတွေ ရှိနေသရွေ့ နေ့ရက်တိုင်းဟာ D-Day ပဲ... (ဆောင်းပါး)
Photo - AFP

ဩဂုတ် ၄

စစ်အုပ်စုခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ကတော့ နိုင်ငံအာဏာကို ၂၀၂၃ ခုနှစ် သြဂုတ်လအထိ ထပ်ပြီး ရယူထားဦးမယ်လို့ တရားဝင် ထုတ်ထားပါပြီ။ ဒါပြီးရင်တော့ ခြောက်လ အချိန်ယူ ရွေးကောက်ပွဲ လုပ်ပေးပြီး အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးမယ်လို့ လျှာရိုးမရှိ ထုတ်ပြောပြန်ပါသေးတယ်။ ဒါဟာ လက်နက်ကိုင် စစ်အုပ်စုဘက်မှာ နောက်ထပ် နှစ်နှစ်စာ အစီအစဉ်တွေ ရေးဆွဲထားပြီးပြီဆိုတဲ့ သဘောပါပဲ။

တစ်ဖက်က စဉ်းစားမယ်ဆိုရင် နောက်ထပ် နှစ်နှစ်မှာ ဘယ်သူတွေ ကန့်ကွက်ကန့်ကွက် နိုင်ငံအာဏာကို ဆက်ယူထားမှာ ဖြစ်ပြီး ကန့်ကွက်မှုတွေ၊ ဆန္ဒပြမှုတွေ၊ လက်နက်ကိုင် တိုက်ခိုက်လာမှုတွေကို ဂရုမစိုက်ဘူးလို့ ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေးမှာ နည်းပေါင်းစုံနဲ့ ပါဝင်နေတဲ့ သူတိုင်းကို စစ်ကြေညာလိုက်တာ ဖြစ်သလို စစ်အုပ်စုဘက်က D-Day ခေါ်လိုက်တာလည်း ဖြစ်တယ်။

တိုက်ပွဲမှာ လက်နက်လိုတယ်

လူထုလှုပ်ရှားမှု တစ်ရပ်ဟာ လမ်းပေါ်တက် ဆန္ဒပြမှုကနေ လက်နက်ကိုင်လမ်းစဉ်အထိ တက်လာပြီဆိုရင် တိုက်ခိုက်ရေးလက်နက်တွေဟာ အခရာ ကျတယ်ဆိုတာ အားလုံးနားလည်ထားကြပြီး ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း လူထုဟာ လမ်းပေါ်တက်ဆန္ဒပြမှုကနေတစ်ဆင့် လက်နက်ကိုင်လမ်းစဉ်ကိုပါ တွဲပြီးပြုလုပ်လာနေပြီး လက်နက်ရရှိရေးဟာ အရေးပါတဲ့လုပ်ငန်းစဉ်တစ်ခု ဖြစ်လာပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုမဲပေးရွေးချယ်ခဲ့သူတွေနဲ့ စုဖွဲ့ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ် - PDF မှာလည်း ဒီလက်နက်ရရှိရေးဟာ အဓိက ဖြစ်လာနေပါတယ်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက PDF တွေကို ခေတ်မီလက်နက်တွေ တပ်ဆင်မယ်၊ D-Day ခေါ်သံကို နားစွင့်ထားပါဆိုပြီး ထုတ်ပြောထားပါတယ်။ ဒီထုတ်ပြောဆိုမှု နောက်မှာ တော်လှန်ရေးဟာ လက်နက်ရှိမှကို ဖြစ်မယ်ဆိုတဲ့ စဉ်းစားတွေးခေါ်မှုတွေ အား ကောင်းမောင်းသန်ဖြစ်လာပြီး လက်နက်ရှိမှ တော်လှန်ရေးအောင်မြင်မယ်ဆိုတဲ့ ချဉ်းကပ်မှုနဲ့ အလှူခံတာတွေကို ခပ်စိတ်စိတ် တွေ့လာရပါတယ်။ ဘယ်လောက်တောင် ဆိုးဝါးလာသလဲဆိုရင် တိုက်ခိုက်ရေး လူသတ်လက်နက်အတွက် လူမှုကွန်ရက်ပေါ်အထိတောင် တက်ပြီး အလှူခံတာတွေ ဖြစ်လာကုန်ပါတယ်။ NUG ကိုယ်တိုင် အလှူခံရတာ ဘယ်လောက်အထိ ရှိပါပြီဆိုပြီး ဂုဏ်ပြုမှတ်တမ်းလွှာတွေ တင်တာမျိုးကို လူမှုကွန်ရက်ပေါ်အထိ တင်နေတာကို ကြည့်ပြီး ဘယ်သူဘယ်ဝှာမှန်းမသိတဲ့ လူတွေ၊ အဖွဲ့အစည်းတွေ၊ လူမှုကွန်ရက်အကောင့်ခ်တွေက အလှူခံနေကြတာကို အပြစ်တင်လို့ မရတဲ့ အခြေအနေထိ ဖြစ်ကုန်ပါတယ်။

စစ်အုပ်စုမှာ နိုင်ငံဘဏ္ဍာနဲ့ တပ်ဆင်ထားတဲ့ ခေတ်မီလက်နက်တွေ ရှိတာကြောင့် လက်နက်ကိုင်လူထု၊ PDF တွေနဲ့ ဖြစ်တဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ တစ်ပန်းသာနေလေ့ ရှိပါတယ်။ သို့သော် ကိုယ်ပိုင်စိုးမိုးနယ်မြေတွေရှိပြီး အရင်ကတည်းက စစ်အုပ်စုကို လက်နက်ကိုင် တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေ ပေါင်းပြီး စစ်အုပ်စုကို တွန်းလှန်တိုက်ခိုက်နေတဲ့ ဖြစ်စဉ်တွေမှာ တော့ စစ်အုပ်စုလက်အောက်ခံ တပ်တွေ၊ ရဲကင်းတွေမှာ စစ်အုပ်စုဘက်က အတုံးအရုံး အသက်ပေးနေရတာကို မြင်ရမှာပါ။ ဒါဟာ လက်နက်ရှိခြင်း၊ မရှိခြင်းရဲ့ ကွာဟချက်ဖြစ်သလို တိုက်ပွဲဖြစ်ရင် လက်နက်ရဲ့ အရေးပါမှုကို ထင်သာမြင်သာ ဖြစ်စေပါတယ်။

လက်ရှိမှာ NUG ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ - EAOsတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိတဲ့နေရာမှာ EAOs တွေရဲ့ နယ်မြေရှိမှုနဲ့ လက်နက်ကိုင်ဆောင်ထားနိုင်မှုကို အဓိကထားနေတယ်လို့ ဆိုရမှာပါ။ ဒါဟာ လက်နက်ကိုင် ရင်ဆိုင်တိုက်ပွဲတွေအတွက် မှန်ပေမယ့်လည်း ရေရှည်သွားရမည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ ဖက်ဒရယ်တပ်မတော် တည်ထောင်ရေးဆိုတဲ့ နိုင်ငံရေးဖြစ်စဉ်တွေအတွက်တော့ မှားယွင်းတဲ့ချဉ်းကပ်မှု ဖြစ်သွားနိုင်တယ်ဆိုတာကို သတိချပ်၊ ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ EAOs တွေဟာ နိုင်ငံကို နှစ်ပေါင်းများစွာ အနိုင်ကျင့်အုပ်ချုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်နဲ့ ယုတ်မာရိုင်းစိုင်းမှုတွေကို လက်နက်ကိုင်ပြီး တော်လှန်တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ EAOs တွေရဲ့ အုပ်ချုပ်မယ့် နယ်မြေရှိမှုနဲ့ အုပ်ချုပ်ရေးယန္တရား တည်ဆောက်ထားနိုင်မှုဟာ တော်လှန်ရေးကာလမှာ အရေးပါ အရာရောက်တဲ့ကိစ္စဖြစ်ပြီး စစ်အုပ်စုကို ပြန်လည်ထိုးနှက် တိုက်ခိုက်ဖို့အတွက် အဓိက ရေခံမြေခံတွေ ဖြစ်ပါတယ်။ ခေတ်မီလက်နက်ရှိတိုင်း အောင်မြင်မှုရနိုင်တဲ့ တိုက်ပွဲတစ်ခု စတင်နိုင်တာ မဟုတ်သလို နယ်မြေနဲ့ အုပ်ချုပ်ရေး ယန္တရားမရှိဘဲ တော်လှန်ရေးအောင်မြင်ဖို့ဆိုတာ မလွယ်ကူဘူးဆိုတာကို နားလည်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။

လက်နက်ရှိမှ D-Day ခေါ်ရတာ မဟုတ်ဘူး

စစ်အုပ်စုက နောက်ထပ် နှစ်နှစ် အုပ်ချုပ်မယ်၊ ခြောက်လနေရင် ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားသလို တားဆီးမှုမှန်သမျှကို ချေမှုန်းမယ်လို့ သြဂုတ်လ ၁ ရက်က D-Day ခေါ် စစ်ကြေညာထားပြီ ဖြစ်ပါတယ်။

ဒီတော့ စစ်အုပ်စု အမြစ်ပြတ် ဇာတ်သိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် လုပ်ဆောင်နေကြတဲ့ ဒီမိုကရက်တစ်အစုအဖွဲ့တွေဘက်မှာ ဘယ်တော့ D-Day ခေါ်မှာလဲ ဆိုတာ မေးခွန်းရှိလာပါပြီ။ နောက်တစ်ခုက D-Day ခေါ်တာကို NUG ရဲ့ ကာ ကွယ်ရေးဝန်ကြီးတစ်ခုတည်းက ခေါ်နိုင်သလားဆိုတာကလည်း ပြန်လည်စဉ်းစားဖို့ လိုအပ်လာပါပြီ။

D-Day ဆိုတာကို ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလက ပြင်သစ်မြောက်ပိုင်း နော်မန်ဒီကမ်းခြေကို မဟာမိတ်တပ်တွေ တိုက်ခိုက်ခဲ့တဲ့နေ့နဲ့ တွဲပြီး လူသိများပါတယ်။ ဒါပေမဲ့ D-Day ဆိုတာဟာ "အရေးကြီးသော စစ်ဆင်ရေး စတင်မယ့်နေ့ (ဒါမှမဟုတ်) အပြောင်း အလဲတစ်ခု စတင်အသက်ဝင်မယ့်နေ့" ကို ဆိုလိုတာ ဖြစ်ပါတယ်။ စစ်ဆင်ရေး စတင်မယ့်ရက်၊ အပြောင်းအလဲတစ်ခု စတင်အသက်သွင်းမယ့်ရက်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ခေတ်မီလက်နက်တွေရှိမှ D-Day ခေါ် တိုက်ပွဲစတာ မဟုတ်ပါဘူး။

တကယ်တော့ မြန်မာ့နွေဦးတော်လှန်ရေးအတွက် D-Day ဟာ နှစ်ငါးလုံး နှစ်ငါးလုံးကတည်းက D-Day ခေါ်ထားပြီးသားလို့ သတ် မှတ်ရမှာပါ။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းကို သန်းနဲ့ချီတဲ့ လူထုက လမ်းပေါ်တက်ဆန္ဒပြ ကန့်ကွက်ကတည်းက D-Day က စနေတာ ဖြစ်ပါတယ်။ နိုင်ငံအနှံ့ ညစဉ်ညတိုင်း သံဗုံးတီးပြီး စစ်ဝါဒီတွေကို ဆန့်ကျင်ကြောင်း ပြသနေတာဟာလည်း လက်နက်မပါတဲ့ လူထုရဲ့ D-Day လှုပ်ရှားမှုပဲ။ ပြည်သူ့ဝန်ထမ်းတွေ လုပ်ငန်းခွင်မဝင်ဘဲ CDM စလုပ်တဲ့ ဖေဖော်ဝါရီ ၁ ရက်ဟာလည်း D-Day လုပ်တဲ့နေ့ပဲ။ လက်နက်ကိုင် တိုက်ပွဲဝင်မှ D-Day လို့ ခေါ်မယ်ဆိုရင်လည်း မြန်မာပြည်အနှံ့အပြားက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရရာလက်နက်စွဲကိုင်ကတည်းက D-Day က စ အသက်ဝင်နေပြီလို့ ဆိုရမှာ ဖြစ်တယ်။ စစ်ကိုင်း၊ ကလေး တိုက်ပွဲ၊ ချင်းပြည်နယ် မင်းတပ်တိုက်ပွဲ၊ ကယားပြည်နယ်အနှံ့ ပြည်သူ့တိုက်ပွဲတွေ စကတည်းက D-Day က သက်ဝင်လှုပ်ရှားနေပြီး ဖြစ်ပါတယ်။

နိုင်ငံကို လက်နက်နဲ့ အာဏာသိမ်းထားတဲ့ စစ်ဝါဒီအုပ်စုတွေကို အမြစ်ပြုတ်သည်အထိ ဆန့်ကျင်တော်လှန်ရေးဆိုတဲ့ အပြောင်းအလဲ အတွက် D-Day ဆိုတာ နွေဦးတော်လှန်ရေးနဲ့အတူ ခေါ်ထားပြီးသား ဖြစ်တယ်။ ဒီကနေ့ ပြည်တွင်းမှာ ခေတ်မီလက်နက်ကိုင်ထားတဲ့ စစ်အုပ်စုကို လက်နက်ကိုင် တော်လှန်နေတဲ့ ပြည်သူတွေဟာ D-Day ခေါ်ထားလို့ မဟုတ်ဘူးဆိုတာကို နိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေ၊ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍက မိန့်မိန့်ကြီး ထိုင်နေသူတွေ သိထားဖို့ လိုအပ်နေပါပြီ။

စစ်ဝါဒီတွေ ရှိနေသရွေ့ နေ့ရက်တိုင်းဟာ D-Day ပဲ...

စစ်အုပ်စုဟာ နှစ်ပေါင်းများစွာ မတရားတဲ့ နည်းပေါင်းစုံနဲ့ နိုင်ငံ့အာဏာကို ထိန်းချုပ်ထားပြီး စနစ်တကျ စုစည်းထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒီလို လက်နက်ကိုင်အဖွဲ့အစည်းကို နိုင်ငံရေးနယ်ပယ်ကနေ အမြစ်ပြုတ်တဲ့အထိ တိုက်ထုတ်ဖို့အတွက် အင်အားတွေ အများကြီးလိုပါတယ်။ နိုင်ငံရေးအရ ဦးဆောင်မှုတွေ လိုသလို လက်နက်၊ ငွေ၊ လူအင်အား စတာတွေ အကုန် လိုအပ်ပါတယ်။ သို့သော် ဒီလိုအပ်ချက်တွေ ပြည့်စုံမှ စစ်အုပ်စုကို D-Dayခေါ် တိုက်ပွဲဆင်မယ်ဆိုရင် နွေဦးတော်လှန်ရေးဟာ ခါးချည့်သွားမယ်ဆိုတာကို သတိချပ်ကြဖို့ လိုပါတယ်။

အာဏာသိမ်းခံရတာ ခြောက်လကျော် ကြာတဲ့အထိ စစ်အုပ်စုကို အုပ်ချုပ်ခွင့်မပေးဘဲ နည်းပေါင်းစုံနဲ့ လမ်းပေါ်တက်ဆန္ဒပြ ကန့်ကွက်မှုတွေ၊ ရရာလက်နက်ကိုင် ခုခံကာကွယ်မှုတွေဟာ ဘယ်သူဘယ်ဝှာကမှ D-Day ခေါ်ထားလို့ မဟုတ်ပါဘူး။ မတရားမှုကို ဆက်တိုက်ကျူးလွန်နေတဲ့ စစ်အုပ်စုရှိနေသရွေ့ နေ့ရက်တိုင်းကို D-Day လို့ သတ်မှတ်ပြီး အန္တရာယ်ပေါင်းစုံကြားကနေ ဆန့်ကျင် တော်လှန်နေတာ ဖြစ်ပါတယ်။ ဒီကနေ့ ပြည်တွင်းက မြို့ပေါ်လမ်းမပေါ်က ဆန္ဒပြပြည်သူတွေနဲ့ လက်နက်ကိုင်ခုခံစစ် လုပ်နေတဲ့ ပြည်သူတွေရဲ့ ကိုယ့်ဘာသာ D-Day သတ်မှတ်ပြီး စစ်အုပ်စုကို ရတဲ့နည်းနဲ့ ဆန့်ကျင်တော်လှန်နေတာဟာ NUG နဲ့ PDF တွေ ပိုအားကောင်းစေဖို့၊ နယ်စပ်ဒေသအခြေစိုက် EAOs တွေ၊ တိုင်းရင်းသားအစုအဖွဲ့တွေနဲ့ ညှိနှိုင်းပူးပေါင်းနိုင်ဖို့အတွက် အရင်းအနှီးတွေ ဖြစ်တယ်ဆိုတာကိုလည်း နားလည်သဘောပေါက်ထားကြဖို့ လိုအပ်ပါတယ်။

စစ်အုပ်စု ဇာတ်သိမ်းရေးအတွက်ဆိုရင် လုပ်ဆောင်ချက်တိုင်းဟာ D-Day ကို အသက်ဝင်စေမယ့် ဆောင်ရွက်မှုတွေ ဖြစ်ဖို့ လိုသလို နေ့ရက်တိုင်းကိုလည်း D-Day လို့ သတ်မှတ်ထားကြဖို့ လိုပါတယ်။ မကောင်းမှုပေါင်းစုံ လုပ်ဆောင်ပြီး အာဏာမက်မောတဲ့ စစ်အုပ်စုအတွက် နေ့ရက်တိုင်းဟာ လူထုကD-Day ကြေညာထားပြီးသားဆိုတာ သက်သေပြကြစို့။

ယခုဖော်ပြသော ဆောင်းပါးသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly