အိုင်အက်စ်ဘဏ္ဍာရေးအကြီးအကဲ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံး

အိုင်အက်စ်ဘဏ္ဍာရေးအကြီးအကဲ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံး

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ ။             ။ အိုင်အက်စ်ဘဏ္ဍာရေးအကြီးအကဲသည် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်စစ်ဘက်ပြောခွင့်ရ အမျိုးသားတစ်ဦးက ပြောကြားသည်။

အဘူဆာလာခေါ် မူဝပ်ဖက်မူစတာဖာမိုဟာမက်အယ်လ်ကာမောက်ရှ်နှင့် အခြားအကြီးတန်းခေါင်းဆောင်နှစ်ဦးသညိ မကြာသေးမီသီ တင်းပတ်များအတွင်းက   ပြုလုပ်ခဲ့သော လေကြောင်း တိုက်ခိုက်မှုများတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဆိုသည်။ နောက်ထပ်အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ညွန့်ပေါင်းအဖွဲ့သည် အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်စစ်သွေးကြွများကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည်မှာ တစ်နှစ်ကျော်နေပြီဖြစ်သည်။ မကြာသေးခင်ကလည်း လစ်ဗျားတွင်   လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် အိုင်အက်စ်ခေါင်းဆောင်တစ်ဦးသေဆုံးခဲ့သေးသည်။

ယင်းကဲ့သို့ သေဆုံးမှုများမှာ အမှန်ဖြစ်ကြောင်း အီရတ်မြို့တော် ဘဂ္ဂဒက်မှ ဗီဒီယိုဖုန်းခေါ်ဆိုမှုတစ်ခုတွင် အမေရိကန်စစ်ဘက်ပြောခွင့်ရ အမျိုးသား ဗိုလ်မှူးကြီး စတိဗ်ဝါရင်က အတည်ပြုခဲ့သည်။

အဘူဆာလာသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် လူပုဂ္ဂိုလ်များကို ဒဏ်ခတ်ပိတ်ဆို့သော သတ်မှတ်ပုဂ္ဂိုလ်စာရင်းတွင် ပါဝင်နေသည်။

၎င်းသည် ၁၉၇၃ တွင် မွေးဖွားသော အီရတ်နိုင်ငံသားတစ်ဦးဖြစ်သည်။ အဘူဆာလာသည် စစ်သွေးကြွအုပ်စု၏ ဘဏ္ဍာရေးကွန်ရက်တွင် ရာထူးအကြီးဆုံးနှင့် အတွေ့အကြုံအများဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ဗိုလ်မှူးကြီး ဝါရင်ကဆိုသည်။

သေဆုံးခဲ့သော အခြားခေါင်းဆောင်များမှာ တိုက်ခိုက်လုယက်မှုများပြုလုပ်သော အကြီးတန်းအရာရှိကြီးတစ်ဦးဖြစ်သူ အဘူမာရီယမ်နှင့် လူသူလက်နက်နှင့် သတင်းအချက်အလက်များ လွှဲပြောင်းရာတွင် ညိနှိုင်းဆောင်ရွက်သော အဘူဝက်မန်အယ်လ်တူးနစ်ဖြစ်သည်ဟု ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly