စစ်ကောင်စီက ဖမ်းဆီးထားသော ကရင်ပြည်နယ်ဝန်ကြီးချုပ် ယနေ့အချိန်အထိ သတင်းတစ်စုံတရာမရရှိသေး

စစ်ကောင်စီက ဖမ်းဆီးထားသော ကရင်ပြည်နယ်ဝန်ကြီးချုပ် ယနေ့အချိန်အထိ သတင်းတစ်စုံတရာမရရှိသေး

ဩဂုတ် ၃

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသော ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၏ အခြေအနေကို ယနေ့အချိန် သတင်းတစ်စုံတရာ မရရှိသေးကြောင်း ပြည်နယ် NLDအဖွဲ့ချုပ်နှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

နေအိမ်အကျယ်ချုပ်မှ ဒုတိယအကြိမ် ဖမ်းဆီးခေါ်ဆောင်သွားသော ဖေဖော်ဝါရီ ၈ ရက်မှစတင်ကာ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိကြောင်း ဆိုသည်။

"အနော့(ဝန်ကြီးချုပ်)ကို ဘားအံမြို့ထဲက တပ်မ (၂၂) ဝန်းထဲမှာပဲ ဖမ်းထား သလိုလို၊ တောင်ကလေး ထောင်မှာလိုလို နဲ့ အတိအကျမသိကြဘူး။ ဒီနေ့အထိ ဘယ်မှာထိန်းသိမ်းထားလဲ ဆိုတာမသိဘူး။ စုံစမ်းဖို့ဆိုတာကလည်း ဒီက NLDအဖွဲ့တွေ ရှောင်တဲ့သူကလည်းရှောင်နေရတယ်။ ဖမ်းခံထိတဲ့သူတွေလည်း ဖမ်းခံထိတယ်။ သူတို့ဘက်ကနေ သတင်းတွေ မထွက်အောင်အပိုင် ပိတ်ထားတာ။ CDMလုပ်နေတဲ့ဆရာဝန်တွေ ကိုရော ဖမ်းလို့ ပြေးနေရတယ်။ အရင်အစိုးရလက်ထက်က တာဝန်ရှိသူတွေ မြို့ထဲမှာ မရှိသလောက် ဖြစ်နေတယ်။" ဟု ၎င်းကပင် ရှင်းပြသည်။

ဒေါ်နန်းခင်ထွေးမြင့်ကို စစ်ကောင်စီက အာဏာသိမ်းယူသည့် ဖေဖော်ဝါရီ ၁ရက် နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နောက်တစ်ရက် ဖေဖော်ဝါရီ ၂ရက်တွင် ပြန်လည်လွှတ်ပေးကာ နေအိမ်အကျယ်ချုပ်ထားရှိခဲ့သည်။ယင်းနောက် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် အကျယ်ချုပ်ဖြင့်နေထိုင်နေသည့် ဘားအံမြို့အစိုးရအိမ်ယာနေအိမ်မှ ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့ အချိန်အထိ သတင်းတစ်စုံတရာ မကြားရတော့ခြင်းဖြစ်သည်။

" ကျွန်တော်တို့လည်းရှောင်နေရတယ်။ နေအိမ်အကျယ်ချုပ်ကနေ ဖမ်းသွားတယ်ဆိုတာ ကြားရပြီးနောက်ပိုင်း ဝန်ကြီးချုပ် အခြေအနေကိုမကြားရတော့တာ။ ကျွန်တော်တို့လည်း မြို့ကနေ ရှောင်နေရတယ်"ဟု ဒေသအခြေစိုက် သတင်းထောက်တစ်ဦးက ဆိုသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ၁၉၈၉ ခုနှစ်အချိန်မှစတင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ နိုင်ငံရေးခရီးရှည်ကိုလျောက်လှမ်းခဲ့သူဖြစ်ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly