မြန်မာ့တိုင်းရင်း ဆေးဖက်ဝင်အပင်တွေနဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ထုတ်ကြဖို့ စစ်ခေါင်းဆောင် တိုက်တွန်း

မြန်မာ့တိုင်းရင်း ဆေးဖက်ဝင်အပင်တွေနဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ထုတ်ကြဖို့ စစ်ခေါင်းဆောင် တိုက်တွန်း

ဩဂုတ် ၃

မြန်မာ့တိုင်းရင်း ဆေးဖက်ဝင် အပင်တွေ၊ သစ်ဥ၊ သစ်ဖုတွေနဲ့ တိုင်းရင်းဆေးတွေကို အသုံးပြု သုတေသနလုပ် စမ်းသပ်ပြီး ကိုဗစ်ကာကွယ်ဆေးကို ထုတ်လုပ်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြုံပြု တိုက်တွန်း လိုက်ပါတယ်။

မနေ့က ဩဂုတ်လ ၂ ရက်နေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ခြောက်ကြိမ်မြောက် အစည်းအဝေးမှာ စစ်ခေါင်းမင်းအောင်လှိုင်က အဲဒီလိုပြောကြားခဲ့ကြောင်း စစ်ကောင်စီထုတ် သတင်းစာမှာ ဒီကနေ့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေကို ပြည်ပက တင်သွင်းမှာယူထားတဲ့အပြင် မြန်မာနိုင်ငံအတွင်း မှာလည်း ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

အဲဒီလို ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့အတွက် မြန်မာ့တိုင်းရင်း ဆေးပညာရှင်တွေနဲ့ ပေါင်းစပ်ညှိနှိုင်း တိုင်ပင်ပြီး စနစ်တကျ ပြုလုပ်ကြဖို့ လိုအပ်ကြောင်းလည်း ဆိုပါတယ်။

ကိုဗစ်တတိယလှိုင်းအတွင်း ထိန်းချုပ်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်နိုင်တဲ့အတွက် ကိုဗစ်နဲ့ ပတ်သက်ရင် အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်ပြီလို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထပ်မံကြုံတွေ့လာရတဲ့ ကိုဗစ် ၁၉ တတိယလှိုင်းအတွင်း ဩဂုတ်လ ၂ ရက်နေ့အထိ ကိုဗစ်ရောဂါ ပိုးကူးစက်ခံရသူ ၃၀၆၃၅၄ ဦးနဲ့ သေဆုံးသူ ၁၀၀၆၁ ဦး ရှိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required