တာလီဘန်တို့ကို ပါကစ္စတန်၏ ထောက်ပံ့ပေးမှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲ ဆွီဒင်နိုင်ငံရှိ ပါကစ္စတန်သံရုံးအပြင်ဘက်၌ ပေါ်ပေါက်

By Big News Network
03 August 2021
တာလီဘန်တို့ကို ပါကစ္စတန်၏ ထောက်ပံ့ပေးမှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲ ဆွီဒင်နိုင်ငံရှိ ပါကစ္စတန်သံရုံးအပြင်ဘက်၌ ပေါ်ပေါက်

ဆွီဒင်နိုင်ငံရှိ ပါကစ္စတန်သံရုံး အရှေ့ဘက်တွင် ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်က ဆန္ဒပြပွဲတစ်ခု ပေါ်ပေါက်ခဲ့ပြီး အဆိုပါဆန္ဒပြပွဲအတွင်း ပါ၀င်ခဲ့ကြသူများက အာဖဂန်နစ္စတန်ရှိ proxy war (ကြားခံစစ်ပွဲ) တစ်ခုတွင် ပါကစ္စတန် ပါ၀င်ပတ်သက်မှု ရှိကြောင်း စွပ်စွဲခဲ့ကြသည်။

တရား၀င် ထုတ်ပြန်ချက်တစ်စောင်အရ အာဖဂန်နစ္စတန် ဇာတိဖြစ်သော လူပုဂ္ဂိုလ်များ အပါအ၀င် လူ ၅၀ နှင့် ၆၀ ဦးအကြားရှိ လူအုပ်စုတစ်စုက ဆွီဒင်ရှိ ပါကစ္စတန်သံရုံးရှေ့တွင် ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံ၌ proxy war တစ်ခု လုပ်ဆောင်ရာတွင် ပါကစ္စတန်၏ ပါ၀င်ပတ်သက်မှု ရှိသည် ဆိုသည့်အပေါ် ဆန့်ကျင်သည့် ဆောင်ပုဒ်များ ကြွေးကြော်ခဲ့သလို လက်ကိုင်ပိုစတာများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

ဆန္ဒပြသူများကို ဆွီဒင်ရဲတပ်ဖွဲ့က လိုက်ပါ စောင့်ကြပ်ပေးခဲ့သည်။

၎င်းတို့သည် အင်္ဂလိပ်၊ ဆွီဒင် ၊ အာဒူ၊ ပက်ရှ်တို နှင့် ဒါရီ (ပါရှား) ဘာသာစကားတို့ဖြင့် မိန့်ခွန်းစကားအတိုများ ပြောခဲ့ကြပြီး ပါကစ္စတန်၏ ထောက်လှမ်းရေးအဖွဲ့သည် တာလီဘန်တို့ကို ထောက်ပံ့ပေးနေကြောင်း ၎င်းတို့က စွပ်စွဲခဲ့ကြသည်။

ဆန္ဒပြသူများ ကိုင်ဆောင်ခဲ့ကြသည့် လက်ကိုင်ပိုစတာများထဲတွင် “အာဖဂန်နစ္စတန် စစ်ပွဲ ရပ်ဆိုင်းရေး”၊ “အာဖဂန်တွေကို သတ်ဖြတ်မှု ရပ်ဆိုင်းရေး” နှင့် “ တာလီဘန်တွေကို ထောက်ပံ့မှု ရပ်ဆိုင်းရေး” ဆိုပြီး ပါ၀င်ခဲ့ကြသည်။ ဆန္ဒပြသူများသည် ပါကစ္စတန် သံအမတ်ကြီးထံ လိပ်မူထားသည့် စာတစ်စောင်ကို သံရုံးတာ၀န်ရှိသူတစ်ဦးထံ လွှဲအပ်ခဲ့ပြီး ယင်းနောက် ငြိမ်းငြိမ်းချမ်းချမ်း လူစုခွဲခဲ့ကြသည်။

အစောပိုင်းကလည်း အာဖဂန်ကနေ အခြားနိုင်ငံများသို့ ပြန့်ကျဲထွက်ခွာ အခြေချနေထိုင်သူများသည် ၀ါရှင်တန် ၊ ဘရက်ဆဲလ် တို့အပြင် ဒိန်းမတ်၊ ဂျာမနီ နှင့် ယူကေတို့ရှိ မြို့ကြီးများတွင် ဆန္ဒပြပွဲများ လုပ်ဆောင်ခဲ့ကြပြီး အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ကို ပါကစ္စတန်၏ ထောက်ပံ့မှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

၎င်းတို့သည် တာလီဘန်တို့အပေါ် ပါကစ္စတန်၏ ထောက်ပံ့မှုနှင့် အာဖဂန် အရေးတွင် ပါကစ္စတန်၏ ၀င်ရောက်စွက်ဖက်မှုတို့အတွက် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် ၎င်းတို့သည် ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်က ပါကစ္စတန်၏ မြို့တော် အစ္စလမ်မာဘတ်တွင် အာဖဂန်သံတမန် နာဂျီဘူလာ အလီခီလ်၏ သမီးဖြစ်သူ ဆီလ်ဆီလာ အလီခီလ် ပြန်ပေးဆွဲခံရမှုကိစ္စကိုလည်း ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

စစ်ဒဏ်ကြောင့် ဖွတ်ဖွတ်ညက်ညက် ကြေနေခဲ့သည့် အာဖဂန်နစ္စတန်နိုင်ငံကနေ နိုင်ငံခြားတပ်ဖွဲ့များ ရုပ်သိမ်းထွက်ခွာနေခြင်းနှင့်အတူ တာလီဘန်တို့သည် ယင်းနိုင်ငံတွင် အရပ်သားများ၊ အာဖဂန် လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့များအပေါ် ထိုးစစ်ဆင်မှုကို အရှိန်မြှင့်တင်ထားခဲ့သည်။

ထို့ပြင် ဆီလ်ဆီလာ အလီခီလ် ပြန်ပေးဆွဲခံရမှုနောက်ပိုင်း ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အကြား ဆက်ဆံရေး ယိုယွင်းဆိုးရွားနေခဲ့သည်။ ယင်းနောက်ပိုင်း အာဖဂန်အစိုးရက ယင်း၏ သံအမတ်ကို အစ္စလမ်မာဘတ်ကနေ ပြန်လည်ခေါ်ယူခဲ့ပြီး တာ၀န်ရှိသူများအတွက် အပြစ်ပေးဒဏ်ခတ်ရေး တောင်းဆိုခဲ့သည်။

မေလနောက်ပိုင်း တာလီဘန်တို့သည် အီရန်၊ ဥဇဘတ်ကစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ပါကစ္စတန်တို့အကြား အာဖဂန်နစ္စတန်၏ အရေးပါသော နယ်စပ်ဖြတ်ကျော်နေရာများကို ထိန်းချုပ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly