စားကုန်ပစ္စည်း လေးမျိုးကို ငွေ ၁၀၀ ကျပ်နဲ့ အိမ်တိုင်ရာရောက် ရောင်းချပေး

စားကုန်ပစ္စည်း လေးမျိုးကို ငွေ ၁၀၀ ကျပ်နဲ့ အိမ်တိုင်ရာရောက် ရောင်းချပေး

ဩဂုတ် ၃

ရန်ကုန်မြို့အတွင်း Mazely Flannel အဖွဲ့က ဦးစီးပြီး အခြေခံစားသောက်ကုန် ပစ္စည်း လေးမျိုးကို ငွေ ၁၀၀ ကျပ်နဲ့ ရောင်းချပေးရာ လာရောက်ဝယ်ယူသူများပြားတဲ့အတွက် ကိုဗစ်စည်းမျှဉ်းစည်းကမ်းနဲ့ မညီညွတ်ဘူးဆိုပြီး အာဏာသိမ်းစစ်ကောင်စီက တားမြစ်တဲ့အတွက် ဩဂုတ်လ ၃ ရက် ဒီနေ့မှာ ရပ်ကွက်နေအိမ်တွေအထိ သွားရောက်ရောင်းချပေးခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥ စတဲ့ အခြေခံစားကုန် ပစ္စည်း လေးမျိုးကို ငွေ ၁၀၀ ကျပ်နဲ့ ရောင်းချပေးတာဖြစ်ပြီး ဒီနေ့ အိမ်ထောင်စု ၄၀၀ နီးပါးအတွက် ရောင်းချပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ပထမ ကျွန်တော်ဆိုင်ရှေ့မှာ ရောင်းတာပေါ့။ လူအုပ်စုက အရမ်းများသွားတယ်။ လူတစ်ထောင်ကျော်လောက် ဖြစ်သွားတယ်။ သက်ဆိုင်ရာက လာပြီးတားတာပေါ့။ ကိုဗစ်စည်းကမ်းနဲ့ မညီညွတ်ဘူးဆိုပြီး။ အဲဒီတော့ အိမ်အရောက် လိုက်ဝေဖို့အတွက် စီစဉ်လိုက်ရပါတယ်။ လိုအပ်သူတွေလည်း ထိထိရောက်ရောက်ရအောင် အိမ်ရှေ့အထိ သွားပြီး ရောင်းပေးတာပါ” လို့ Mazely Flannel တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီနေ့မှာတော့ တောင်ဒဂုံ သစ်ဆိပ်ရပ်ကွက်၊ တောင်ဒဂုံ (၆၅) ရပ်ကွက်နဲ့ အရှေ့ ဒဂုံ (၁၀၈) ရပ်ကွက်တွေကို သွားရောက် ရောင်းချဖို့ စီစဉ်ခဲ့ပေမယ့် အဆင်မပြေတဲ့ အိမ်ထောင်စုတွေ ထင်ထားတာထက် ပိုများနေတဲ့အတွက် တောင်ဒဂုံ သစ်ဆိပ်ရပ်ကွက်တစ်ခုတည်းကိုပဲ ရောင်းချပေးနိုင်ခဲ့တယ်လို့ Mazely Flannel အဖွဲ့က ပြောပါတယ်။

“ကျွန်တော်တို့ ရပ်ကွက်တွေ၊ လမ်းကြားတွေထဲ ဝင်တဲ့အချိန်မှာ တအားကို အဆင်မပြေတဲ့ မိသားစုတွေ၊ အိမ်ထောင်စုတွေ အရမ်းများတယ်။ ရပ်ကွက်ထဲမှာ တောင် တစ်ရပ်ကွက်လုံး မပြည့်ခဲ့ဘူးပေါ့နော်။ ပစ္စည်းက ကုန်သွားတယ်။ တစ်ရပ်ကွက်နဲ့ ရပ်နားလိုက်ရပါတယ်” လို့ Mazely Flannel တာဝန်ရှိသူက ပြောပါတယ်။

နောက်ရက်တွေမှာတော့ ဆန်၊ ဆီ၊ ကြန်သွန်နီနဲ့ ကြက်ဥအပြင် အသီးအရွတ်တွေကိုပါ မိသားစုတစ်စု တစ်နေ့စာအတွက် လုံလုံလောက်လောက် စားသောက်နိုင်အောင် ထည့်သွင်းရောင်းချပေးသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုနဲ့ ကိုဗစ်တတိယလှိုင်းဒဏ်ကြောင့် ဆင်းရဲကြပ်တည်းမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေကြရတာဖြစ်ပြီး အခြေခံစားကုန်ပစ္စည်းတွေကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပြီး ပြည်သူအချင်းချင်း ထောက်ပံ့ကူညီနေကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly