မြန်မာအာဏာသိမ်းခေါင်းဆောင်များအပေါ် အာဆီယံဘက်က တိုးမြှင့်ဖိအားပေးရန် လိုနေဟု အမေရိကန် ပြော 

မြန်မာအာဏာသိမ်းခေါင်းဆောင်များအပေါ် အာဆီယံဘက်က တိုးမြှင့်ဖိအားပေးရန် လိုနေဟု အမေရိကန် ပြော 

ဩဂုတ် ၃

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ၏ နှစ်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည် ဆိုသည့် အစီအစဉ်ကို ကြည့်မည်ဆိုပါက ၎င်းတို့သည် ဝေ့လည်ကြောင်ပတ်လုပ် အချိန်ဆွဲနေသည်ကို ပြသနေပြီး ယင်းအတွက်ကြောင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာစစ်အုပ်စုအပေါ် ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ရန် လိုကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနမှ အကြီးတန်းအရာရှိကြီးတစ်ဦးက သြဂုတ်လ ၂ ရက်တွင် ပြောကြားလိုက်သည်။ 

“ဒါက ရှင်းပါတယ်၊ မြန်မာအာဏာသိမ်းစစ်အုပ်စုဟာ အချိန်ထပ်ဆွဲနေတာပါပဲ၊ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးအတွက် အချိန်ထပ်ကြာကြာ ဆွဲထားဖို့ ဆန္ဒရှိနေတာပဲဖြစ်ပါတယ်” ဟု အဆိုပါ အရာရှိကြီးက ယခုအပတ်အတွင်း ပြုလုပ်မည့် အမေရိကန်နှင့် အာဆီယံ ၁၀ နိုင်ငံအကြား ၀န်ကြီးအဆင့် အစည်းအဝေးမတိုင်မီ သတင်းထောက်များကို ပြောကြားခဲ့သည်။ 

“ဒီတော့ အဓိကအကြောင်းရင်းကတော့ အာဆီယံအနေနဲ့ ဒီအပေါ်မှာ ပါ၀င်ပတ်သက်လုပ်ဆောင်ရမှာဖြစ်သလို မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက်ကို ထိန်းသိမ်းလိုက်နာစေဖို့အတွက် ကြိုးပမ်းလုပ်ဆောင်သွားရပါမယ်” ဟု ၎င်းက မြန်မာ့အကျပ်အတည်း ကိုင်တွယ်ရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ အစီအစဉ်တစ်ရပ်ကို ရည်ညွှန်းပြောသည်။ 

အလားတူ ဝန်ကြီးဌာနအစုံ ပါ၀င်မည့် ဆွေး‌နွေးညှိနှိုင်းမှု ကဏ္ဍအသစ် ငါးခု ထည့်သွင်းပါ၀င်ရန်အတွက် အာဆီယံနှင့်အကြား ပတ်သက်ချိတ်ဆက်မှု တိုးချဲ့ရေးကိုလည်း ၀ါရှင်တန်အနေဖြင့် အဆိုပြုထားကြောင်းနှင့် ယင်းကို အာဆီယံအုပ်စုက မကြာမီ သဘောတူလိမ့်မည်ဟု မျှော်လင့်ကြောင်း အဆိုပါ အရာရှိကြီးက ပြောသွားခဲ့သည်။ 

အဆိုပါ နယ်ပယ်ကဏ္ဍများအနက် တစ်ခုသည် ရာသီဥတု ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး အခြားကဏ္ဍများကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။ 

ယခုအပတ်ထဲတွင် အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်နှင့် အာဆီယံဒေသတွင်း နိုင်ငံများမှ နိုင်ငံခြားရေး၀န်ကြီးများအကြား အွန်လိုင်း ဆွေး‌နွေးပွဲများ လုပ်ဆောင်သွားရန် ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required