အိန္ဒိယနှင့် ရုရှား ၁၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှု အကြီးစား ပြုလုပ်မည်

By The Print
02 August 2021
အိန္ဒိယနှင့် ရုရှား ၁၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှု အကြီးစား ပြုလုပ်မည်

အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ပူးပေါင်း၍ အကြမ်းဖက်တိုက်ဖျက်ရေးအတွက် ရည်ရွယ်သည့် ၁၃ ရက်ကြာ အကြီးစား စစ်ရေးလေ့ကျင့်မှုကို ရုရှားမြို့တော် ဗော်ဂိုဂရပ်တွင် ဩဂုတ် ၁ ရက်မှစတင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယ စစ်တပ်က ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Indra ဟု အမည်ပေးထားသော ၁၂ကြိမ်မြောက် စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေမည်ဖြစ်သလို ကာလကြာရှည် မိတ်ဆွေဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာလာစေမည်ဖြစ်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တစ်နိုင်ငံစီမှ စစ်သည် ၂၅၀ ပါဝင်သွားမည်ဖြစ်သည်။

“Indra-21 အမည်ပေးထားသည့် အိန္ဒိယနှင့် ရုရှားတို့၏ ၁၂ ကြိမ်မြောက် စစ်ရေးလေ့ကျင့်မှုကို ဗော်ဂိုဂရပ်တွင် ဩဂုတ် ၁ ရက်မှ ၁၃ ရက်အထိ ပြုလုပ်သွားမည်” ဟု အိန္ဒိယ စစ်တပ်က ထုတ်ပြန်ခဲ့သည်။

စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံတကာ အကြမ်းဖက်အုပ်စုများကို ပူးတွဲတပ်ဖွဲ့များက နှိမ်နှင်းသည့် ကုလသမဂ္ဂ၏ မူဘောင်အတိုင်း စစ်ဆင်ရေးလေ့ကျင့်မှုများ ပါဝင်မည်ဖြစ်သည်။

“Indra-21 ဟာ အိန္ဒိယနှင့် ရုရှား စစ်တပ်တို့ရဲ့ အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုအားကောင်းစေမှာ ဖြစ်သလို နှစ်နိုင်ငံတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေး အတွေ့အကြုံကို ဖလှယ်နိုင်စေမှာ ဖြစ်ပါတယ်” ဟု အိန္ဒိယစစ်တပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဗော်ဂိုဂရပ်မြို့သည် ဗော်လ်ဂါမြစ်၏ အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည့် ရုရှားမြို့ကြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required