ပစိဖိတ်ကျွန်းသူကျွန်းသားတွေအပေါ် ရဲဖြိုခွင်းမှုတွေကို နယူးဇီလန် ဝန်ကြီးချုပ် တောင်းပန် 

ပစိဖိတ်ကျွန်းသူကျွန်းသားတွေအပေါ် ရဲဖြိုခွင်းမှုတွေကို နယူးဇီလန် ဝန်ကြီးချုပ် တောင်းပန် 
Photo - AFP

ဩဂုတ် ၂

နယူးဇီလန်နိုင်ငံတွင်းက ပစိဖိတ်ကျွန်းသူကျွန်းသားတွေအပေါ် ‘တရားမမျှတစွာ ပစ်မှတ်ထား’ခဲ့တဲ့ ၁၉၇၀ ခုနှစ်တွေက ရဲဖြိုခွင်းမှုတွေအတွက် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန်းက တနင်္ဂနွေနေ့မှာ တရားဝင်တောင်းပန်စကား ဆိုပါတယ်။ 

အလုပ်သမားဗီဇာမှာ သက်တမ်းကျော်လွန်ပြီး နေထိုင်နေသူတွေကို ဖမ်းဆီပြည်နှင်ဒဏ်ပေးဖို့ တာဝန်ရှိသူတွေနဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေဟာ တစ်ခါတစ်ရံ ခွေးတွေကိုပါ သုံးပြီး နာမည်ဆိုးတွင်ခဲ့တဲ့ ‘အရုဏ်ဦး စီးနင်းမှုတွေ’ကို ဆောင်ရွက်ခဲ့ကြတာပါ။ 

နယူးဇီလန်နိုင်ငံအတွင်း ဗီဇာသက်တမ်းလွန် နေထိုင်နေကြသူ ဦးရေမှာ ပစိဖိတ်ကျွန်းသူကျွန်းသား ဦးရေဟာ သုံးပုံတစ်ပုံသာ ရှိပြီး ၈၆ ရာခိုင်နှုန်းက တရားစီရင်ခံရတာပါ။ သက်တမ်းလွန်နေထိုင်သူ သုံးပုံတစ်ပုံပဲ ရှိတဲ့ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံသားတွေကိုတော့ အချိန်ကာလအတူတူအတွင်းမှာပဲ ငါးရာခိုင်နှုန်းလောက်ကိုပဲ တရားစီရင်ခဲ့တာ ဖြစ်ပါတယ်။ 

“ဒီကနေ့မှာ ၁၉၇၀ ခုနှစ်တွေက လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေရဲ့ ခွဲခြားဆက်ဆံခံခဲ့ရတဲ့ ပစိဖိတ်ဒေသခံတိုင်းရင်းသားတွေကို နယူးဇီလန်အစိုးရကိုယ်စား ကျွန်မကနေပြီး အနူးအညွတ် တောင်းပန်အပ်ပါတယ်”လို့ အော့ကလန်မှာ ပြုလုပ်တဲ့ ပစိဖိတ်ဌာနေခေါင်းဆောင်တွေ စုရုံးပွဲမှာ ဂျက်ဆင်ဒါ အာဒန်းက ပြောပါတယ်။ 

“အရုဏ်ဦးစီးနင်းမှုတွေနဲ့ ရဲတွေရဲ့ ထင်သလို စစ်ဆေးမှုတွေအတွက်ရယ်၊ ဒီလို လုပ်ရပ်တွေကိုလည်း သင့်လျော်မှန်ကန်တယ်ဆိုပြီး ထင်မြင်ထားခဲ့တာတွေအတွက် အစိုးရအနေနဲ့ သောက၊ နောင်တနဲ့ ဝမ်းနည်းစိတ်တွေ ဖြစ်ရကြောင်း ဖော်ပြလိုပါတယ်”ဆိုပြီး သူက ဆိုပါတယ်။ 

လွန်ခဲ့တဲ့ နှစ် ၅၀ နီးပါးက လုပ်ဆောင်ခဲ့တဲ့ အဲဒီ ဖြိုခွင်းမှုတွေဟာ လုပ်ပိုင်ခွင့်ရ အာဏာပိုင်တွေရဲ့ ယုံကြည်မှုနဲ့ သစ္စာပျက်ပြယ်တာရဲ့ ဒဏ်ကို ခံစားခဲ့ရသူတွေရဲ့ မှတ်ဉာဏ်ထဲမှာ စွဲထင်နေတာပဲ ဖြစ်ပါတယ်လို့ ဂျက်ဆင်ဒါ အာဒန်းက ပြောပါတယ်။ 

၁၉၆၉ မှာ ဆာမိုအာကနေ နယူးဇီလန်ဆီ မိသားစုလိုက် ရွှေ့ပြောင်းလာခဲ့တဲ့ ပစိဖိတ်ဆိုင်ရာ ဝန်ကြီး ဝီလီယံဆီယိုက အဲဒီ စီးနင်းမှုတွေဟာ ‘အဆိုးဆုံး လူမျိုးရေးခွဲခြားမှု’ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ 

နယူးဇီလန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်အပြီး စီးပွားရေး ချဲ့ထွင်ရာမှာ လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ဆာမိုအာ၊ တွန်ဂိုနဲ့ ဖီဂျီတို့လို့ ပစိဖိတ်ကျွန်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ၁၉၇၀ ခုနှစ်တွေက စီးပွားရေး ကျဆင်းမှုကာလအတွင်းမှာ နယူးဇီလန်နိုင်ငံသားတွေဆီကနေ အလုပ်အကိုင်တွေ ရယူထားကြတယ်ဆိုပြီး အဲဒီ ရွှေ့ပြောင်းဝင်ရောက်သူတွေကို လူထုအမြင်မကြည်မှုတွေ ဖြစ်ပွားပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly