စစ်ကောင်စီက အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သည့်အပေါ် စာအုပ်စိမ်း ဖျက်သိမ်း လိုက်ပြီလားဟု ဥပဒေပညာရှင်အချို့မေးခွန်းထုတ်

စစ်ကောင်စီက အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သည့်အပေါ် စာအုပ်စိမ်း ဖျက်သိမ်း လိုက်ပြီလားဟု ဥပဒေပညာရှင်အချို့မေးခွန်းထုတ်

ဩဂုတ် ၁

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေါင်းစဉ်အောက်မှတဆင့် အိမ်စောင့်အစိုးရဟု ပြောင်းလဲဖွဲ့စည်းလိုက်သည့် အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ (စာအုပ်စိမ်း) ဖျက်သိမ်းလိုက်ပြီလားဆိုသည့် မေးခွန်းမေးရန်လိုအပ်လာပြီဖြစ်ကြောင်း ၀ါရင့် ဥပဒေပညာရှင်များက  သုံးသပ် ပြောကြားလိုက်သည်။

ယနေ့ သြဂုတ် ၁ ရက်၌ “ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီ” အစား “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့”ဟု ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီ၏အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

“ မူလရှိတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံအရ လူထုကြိုက်တာ မကြိုက်တာတစ်ပိုင်း နိုင်ငံသားတွေ လိုလားတာ မလိုလားတာ တစ်ပိုင်းပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ညီနေသေးတယ်လို့ ပြောလို့ ရတာပေါ့။ အိမ်စောင့်အစိုးရကို သီးခြားဖွဲ့လိုက်ပြီဆိုတဲ့အခါကျတော့ ၂၀၀၈ ဖွဲ့စည်းပုံက ပျက်သွားပြီလား၊ ၂၀၀၈ ဖွဲ့စည်းပုံကို ဆန့်ကျင်သွားပြီလားဆိုတာ ကျွန်တော်တို့ စဉ်းစားစရာဖြစ်လာတယ်။ လူတွေမပြောင်းဘဲ ခေါင်းစဉ်ပြောင်းလိုက်တယ်ဆိုပေမယ့် ဥပဒေအမြင်အရတော့ အဲ့ဒီလိုပြောလိုက်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ညီညွှတ်သလား၊ ဖျက်သိမ်းလိုက်ပြီလားဆိုတဲ့ မေးခွန်းတစ်ခု မေးလို့ ရတဲ့ အထိပေါ်ပေါက်လာတာပေါ့။” ဟု ဆိုသည်။ 

စစ်ကောင်စီက ၄င်းတို့ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် ငါးရပ်၊ ဦးတည်ရပ် ကိုးရပ်တို့နှင့်အညီနိုင်ငံတော် တာဝန်များကို ပိုမို လွယ်ကူလျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်ဟုဆိုကာ ယနေ့ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ယင်း အဖွဲ့ဝင်များနေရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီ၏ ဒုဥဥက္ကဋ္ဌ၊  ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် အမြဲတမ်းအတွင်းဝန်(ယခင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံး အစား အိမ်စောင့်အစိုးရအဖွဲ့ရုံး) ဟု သတ်မှတ်လိုက် ခြင်းဖြစ်သည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဖျက်သိမ်းဘူး။ အဲ့ဒီအခြေခံဖွဲ့စည်းပုံ ဥပဒေအတိုင်းဘဲဆက်သွားမယ်လို့ သူတို့ဘဲ အာဏာသိမ်းစဉ်က တရားဝင်ကြေညာထားတယ်။ အခုဖွဲ့စည်းလိုက်တဲ့ အိမ်စောင့်အစိုးရဆိုတာကြီး က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါကို မပါတာ။” ဟု ဆက်လက်ပြောသည်။

အိမ်စောင့်အစိုးရအဖွဲ့ဟု ပြောင်းလဲဖွဲ့စည်းခြင်းသည် ၁၉၅၈ ခုနှစ် ဦးနေဝင်း လက်ထက် အိမ်စောင့်အစိုးရအဖွဲ့  ဆောင်ရွက်ပုံနှင့်မတူဘဲ ယင်းအချိန်က ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီးမှသာ တော်လှန်ရေးကောင်စီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်တစ်ဦး ဆက်လက် သုံးသပ်ပြောကြားသည်။

“ ဦးနေဝင်း အိမ်စောင့် အစိုးရဖွဲ့တာနဲ့ အခု ကာချုပ်က အိမ်စောင့်အစိုးရဖွဲ့တာ သဘာဝခြင်းမတူဘူး။ ၁၉၅၈ ခုနှစ်တုန်းက ပါလီမန်ရော အစိုးရရော အကုန်လုံးကို ဖျက်ပစ်ပြီးတော့မှ တပ်မတော်က အာဏာသိမ်းလိုက်တာ။ အာဏာသိမ်းတယ်လို့ လည်း ရဲရဲဝံ့ဝံ့ ကြေညာတယ်။ ပါလီမန် ဒီမိုကရေစီကို အသက်သွင်းထားတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံက လုံးဝပျက်သွားတယ်။ အဲ့ဒီဖွဲ့စည်းပုံ အရ တည်ဆောက်ထားတဲ့ ပါလီမန်လည်း ပျက်သွားတယ်။ ဖဆပလ အစိုးရလည်း လုံးဝပျက်သွားပြီတော့့မှ တပ်မတော်က တော်လှန်ရေးကောင်စီဆိုပြီး သီးခြားဖွဲ့ခဲ့တာ” ဟု ဆိုသည်။

ဥပဒေအမြင်အရပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေထဲမှာ အိမ်စောင့် အစိုးရ ဖွဲ့စည်းလို့ ရတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မပါဘူး။ သို့သော် မူလအနေအထားတုန်းက ဦးမြင့်ဆွေက ယာယီသမ္မအဖြစ် တာဝန်ယူတယ်။ ယာယီသမ္မတကနေပြီး အာဏာပြန်လွှဲပေးတယ်ဆိုတဲ့ ပုံစံနဲ့သွားခဲ့တာပေါ့။ အရင်ကတော့ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၄၁၇ အရ သွားကြတာပေါ့။ ဒီအထိက ပြဿနာမရှိဘူး။ ဒါပေမယ့် အခုလိုမျိုး အိမ်စောင့်အစိုးရဆိုပြီး သီးခြားဖွဲ့လိုက်တဲ့ အခါကျတော့ ၂၀၀၈ အခြေခံဥပဒေထဲမှာ မပါတဲ့အတွက် ဥပဒေနဲ့ ညီတယ်မညီဘူးဆိုတာ ၂၀၀၈ဖွဲ့စည်းပုံ အရရှိနေတဲ့ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက  အဆုံးအဖြတ်ပေးရမယ့် အနေအထားဖြစ်သွားတာပေါ့။” ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly