ကိုဗစ်ပြင်းထန်လူနာများအတွက် အသုံးပြုသည့်ဆေးများ စျေးအဆမတန် မြင့်တက်နေ

ကိုဗစ်ပြင်းထန်လူနာများအတွက် အသုံးပြုသည့်ဆေးများ စျေးအဆမတန် မြင့်တက်နေ
Photo - လမ်းမတော်ရွှေအိုးဆေးဆိုင်တွင် ဆေးဝယ်ရန် စောင့်ဆိုင်းနေသူများ

ဩဂုတ် ၁

ကိုဗစ်လူနာများ ရောဂါပြင်းထန်လျင် အသုံးပြုရသည့်ဆေးများ ၅ဆခန့် စျေးမြင့်တက်နေသည်ဟု ဆေးဝယ်သူများထံမှ သိရသည်။

ကိုဗစ် ပြင်းထန်လူနာများသည်  သွေးခဲခြင်း သွေးပြစ်ခြင်းများ ကြုံရသည့်အတွက် သွေးကြဲဆေးဟုခေါ်သည့်Enoxaparin ကို အသုံးပြုကြရခြင်းဖြစ်သည်။

အဆိုပါ ဆေးများသည် မူရင်းဈေး တစ်ဘူးလျင် ၈၅၀၀ ၊၉၀၀၀ခန့်သာ ရှိသည်ဖြစ်သော်လည်း လက်ရှိဈေးကွက်တွင် ၂၅၀၀၀မှ ၅၀၀၀၀အထိ ရှိနေသည်။

ထို့အပြင် ပိုးသတ်ဆေးတစ်မျိုးဖြစ်သည့် Cs2 injectionသည်လည်း မူရင်းဈေး တစ်ဘူးလျင် ၁၈၀၀၀မှ လက်ရှိ ဈေးကွက်တွင် ၂၁၀၀၀မှစ၍ ၅၀၀၀၀အထိ ဈေးအမျိုးမျိုးဖြစ်နေကြောင်း သိရသည်။

ထိုကဲ့သို့ ဈေးများ အဆမတန် မြင့်တက်နေသော်လည်း ဝယ်လိုသူများပြားသောကြောင့် တန်းစီစနစ်ဖြင့် ရောင်းချနေရပြီး ဈေးကွက်တွင် ဆေးများ မကြာခဏ ပြတ်တောက်မှုကြောင့် လူနာများအတွက် အခက်အခဲဖြစ်ရသည်ဟု ဆိုသည်။

" အဲ့ဆေးက ငါးရက်လောက်ဆက်တိုက်ထိုးရတာ။ ဈေးအများကြီးပေးဝယ်ရတာတောင် ဆေးက မရတာတွေနဲ့ မနက် အစောကြီးသွားတန်းစီရင်လည်း တစ်ယောက်ကို နှစ်ခုလောက်ပဲ ရောင်းပေးတာမို့ ကိုယ်လိုသလောက်မရတော့ ပြာယာတွေခတ်ပြီး ဘယ်မှာရှိလဲ ဘယ်လိုဝယ်ရမလဲ လိုက်မေးရတယ်''ဟု လှိုင်မြို့နယ်မှ လူနာရှင်တစ်ဦးက ဆိုသည်။

ဇူလိုင် ၁၁ရက်က တောင်ဥက္ကလာ ရွေအိုးဆေးဆိုင်တွင် ယင်းဆေးများကို ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသူများကို အကြမ်းဖက်စစ်ကောင်စီတပ်များက လူစုခွဲရန် အမိန့်ပေးခဲ့ပြီးနောက် ဆေးများ ဝယ်ယူရ ပိုမိုခက်ခဲသွားပြီး ဈေးများ ဆက်လက်မြင့်တက်ခဲ့သည်ဟု ကြားသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly