ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုကိစ္စ အစ္စ‌ရေးရဲ့ စွပ်စွဲချက် အီရန် ပယ်ချ

ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုကိစ္စ အစ္စ‌ရေးရဲ့ စွပ်စွဲချက် အီရန် ပယ်ချ
Photo - AFP

ဩဂုတ် ၁

အိုမန်ကမ်းလွန်မှာ လူသေဆုံးမှု ရှိခဲ့တဲ့ ရေနံတင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်ဟာ အီရန်ရဲ့ လက်ချက်ဖြစ်ကြောင်း အစ္စရေးက ပြစ်တင်ပြောဆိုခဲ့ပြီးနောက် ယင်းဟာ “အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေ” သာ ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁ ရက်မှာ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

“အစ္စရေး အစိုးရအနေနဲ့ ဒီလိုမျိုး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ လုပ်နေတာတွေ ရပ်ဆိုင်းသင့်ပါပြီ၊ အီရန်အပေါ်မှာ သူတို့ဘက်က ဒီလိုမျိုး စွပ်စွဲချက်တွေ လုပ်တာ ဒါပထမဆုံးအကြိမ်လည်း မဟုတ်တော့ပါဘူး” လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆေအိဒ် ခါတစ်ဇာဒက်က သတင်းထောက်များကို ပြောသွားခဲ့ပါတယ်။

အစ္စရေးရဲ့ ပြောဆိုချက်တွေကို မိမိတို့ ပြစ်တင်ရှုတ်ချကြောင်းနဲ့ အီရန်အနေနဲ့ မိမိတို့ရဲ့ အကျိုးစီးပွားနဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး ဆိုပြီး ခါတစ်ဇာဒက်က ပြောသွားခဲ့ပါတယ်။

လူသိများတဲ့ အစ္စရေး ဘီလျံနာ အိုင်ယယ် အိုဖာ စီမံခန့်ခွဲတဲ့ MT Mercer Street ရေနံတင်သင်္ဘောဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်က အိုမန် ကမ်းလွန်မှာ တိုက်ခိုက်ခံခဲ့ရပြီး အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်လို့ အစ္စရေးက အီရန်အပေါ် အပြစ်ဖို့ခဲ့တာဖြစ်ပါတယ်။

သင်္ဘောအမှုထမ်း နှစ်ဦး သေဆုံးခဲ့ရတဲ့ အဆိုပါဖြစ်စဉ်ဟာ ဒရုန်းနဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပုံရကြောင်း အမေရိကန်စစ်တပ်နဲ့ ယင်းသင်္ဘောရဲ့ ကုမ္ပဏီတို့က ပြောခဲ့ပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် ဗြိတိန် ရေကြောင်းလုံခြုံရေးဝန်ထမ်းတစ်ဦးနဲ့ ရိုမေးနီးယား အမှုထမ်းတစ်ဦးတို့ သေဆုံးခဲ့ရတယ်လို့ သင်္ဘောကုမ္ပဏီ Zodiac Maritime က ပြောပါတယ်။

ရေနံထုတ်ကုန်တွေ တင်ဆောင်တဲ့ အဆိုပါ သင်္ဘောဟာ တန်ဇန်နီးယားကနေ ယူအေအီးဆီ ကုန်မပါဘဲ သွားရောက်ခဲ့စဉ် တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း Zodiac Maritime က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly