နစကကို အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်းကြောင်း အာဏာသိမ်းစစ်ကောင်စီကြေညာ

နစကကို အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်းကြောင်း အာဏာသိမ်းစစ်ကောင်စီကြေညာ

မဇ္ဈိမ၊ သြဂုတ် ၁ ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)၊ စီမံခန့်ခွဲရေးကော်မတီကို “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့” အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်သည်။

စစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရထံမှ မတရားအာဏာသိမ်းယူခဲ့မှု ခြောက်လပြည့်သည့် ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီဘက်က ယခုလို ထုတ်ပြန်လာခြင်းဖြစ်သည်။

ယခုပြင်ဆင်ဖွဲ့စည်းလိုက်သော အိမ်စောင့်အစိုးရအဖွဲ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဦးဆောင်ပါဝင်မည်ဖြစ်ပြီး နိုင်ငံတော်တာဝန်များကို ပိုမိုလွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အိမ်စောင့်အစိုးရအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားခဲ့သည့် တိုင်းဒေသကြီး၊  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကိုလည်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်းလည်း ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းထားသည်မှာ ခြောက်လကြာမြင့်ပြီဖြစ်သော်လည်း နောက်နှစ်နှစ် အာဏာဆက်သိမ်းထားမည်ဟု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတုန်းက စစ်တပ်ပိုင် ရုပ်သံမှတဆင့် ထည့်သွင်းပြောဆိုခဲ့သေးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required