QUAD နိုင်ငံများ၏ ကာကွယ်ဆေး မိတ်ဖက်အစီအစဉ်ဖြင့် အိန္ဒိယတွင် ကိုဗစ်ရောဂါအဆုံးသတ်ရန် အမေရိကန်နှင့် ပူးပေါင်းလုပ်ဆောင်မည်

QUAD နိုင်ငံများ၏ ကာကွယ်ဆေး မိတ်ဖက်အစီအစဉ်ဖြင့် အိန္ဒိယတွင် ကိုဗစ်ရောဂါအဆုံးသတ်ရန် အမေရိကန်နှင့် ပူးပေါင်းလုပ်ဆောင်မည်

အိန္ဒိယတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ပြီးဆုံးရန် QUAD ကာကွယ်ဆေး မိတ်ဖက်အစီအစဉ်ဖြင့် အိန္ဒိယနှင့် အမေရိကန်တို့က ဆုံးဖြတ်ထားကြောင်း အိန္ဒိယတွင်၂ ရက်ကြာ ခရီးစဉ် ရောက်ရှိနေခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဇူလိုင် ၂၉ ရက်တွင် ပြောကြားလိုက်သည်။

“ကိုဗစ်ကပ်ရောဂါ အဆုံးသတ်ဖို့ ကျွန်တော်တို့ဆုံးဖြတ်ထားပြီး အိန္ဒိယနဲ့ အမေရိကန်တို့က QUAD အဖွဲ့ရဲ့ မိတ်ဖက် ကာကွယ်ဆေးအစီအစဉ်နဲ့လည်း လုပ်ဆောင်သွားပါမယ်။ မိမိတို့နှစ်နိုင်ငံက ကမ္ဘာပေါ်မှာ ဒီကပ်ရောဂါအဆုံးသတ်ဖို့ ဦးဆောင် လုပ်ကိုင်သွားပါမယ်” ဟု ဘလင်ကန်က ပြောသည်။

အမေရိကန်တွင် ကိုဗစ်စတင်ဖြစ်ပွားစဉ်က အိန္ဒိယက ပေးခဲ့သည့် ကူညီထောက်ပံ့မှုများကို မေ့ပျောက်နိုင်မည် မဟုတ်ကြောင်း နှင့် အိန္ဒိယကို ကျေးဇူးပြန်လည်တုံ့ပြန်ရသည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း ဘလင်ကန်က ပြောသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာကလည်း “ကာကွယ်ဆေးကို တစ်ကမ္ဘာလုံးက သုံးစွဲနိုင်အောင် ထုတ်လုပ်ဖို့ အာရုံစိုက်ထားပါတယ်” ဟု ပြောကြားသည်။

ကပ်ရောဂါအလွန်ကာလတွင် စီးပွားရေး ပြန်လည်ကောင်းမွန်ရေးနှင့်ပတ်သက်၍ ဘလင်ကန်က “ကပ်ရောဂါကြောင့် ဒုတိယအကြိမ်မြောက် ထိခိုက်နစ်နာမှုတွေကို ပြန်လည်ကောင်းမွန်ဖို့ ဖြေရှင်းရပါတယ်။ အိန္ဒိယနဲ့ အမေရိကန်တို့အကြား ကုန်သွယ်ရေးမိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရပါမယ်။ ပိုမိုအားကောင်းတဲ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ဖြစ်ပေါ်နေတဲ့ အတားအဆီးတွေကြားကပဲ ဆက်လက် လုပ်ကိုင်သွားရပါမယ်။ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စမ်းသစ်တီထွင်မှုတွေအတွက် မှန်ကန်တဲ့အနေအထားတွေကို ပိုလုပ်နိုင်မယ်ဆိုရင် အောင်မြင်မှုကို အကန့်အသတ်မရှိ ရနိုင်ပါလိမ့်မယ်” ဟုလည်း ပြောကြားသည်။

မိမိတို့ နှစ်နို်ငငံအကြား ဆက်ဆံရေးသည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံး ဆက်ဆံရေးအနက်မှ တစ်ခုဖြစ်ကြောင်း ဘလင်ကန်က အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးကို ချီးမွမ်းပြောကြားခဲ့သည်။

QUAD အဖွဲ့၊ ပင်လယ်ရေကြောင်း လုံခြုံရေးအတွက်တို့လည်း ၎င်းတို့နှစ်ဦး ဆွေးနွေးခဲ့ကြောင်း ဘလင်ကန်က ပြောကြားသည်။ QUAD အဖွဲ့သည် စစ်ဖက်မဟာမိတ်အဖွဲ့တစ်ခုမဟုတ်ဘဲ ဒေသတွင်းစိန်ခေါ်မှုများတွင် ပူးပေါင်းဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

၂၁ ရာစုနှစ်၏ အနာဂတ်အား ဤဒေသ (အင်ဒို-ပစိဖိတ်) တွင် ရေးသားလိမ့်မည်ဟု ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ဘလင်ကန်က ပြောကြားခဲ့သည်။

“လွတ်လပ်၊ ပွင့်လင်း၊ လုံခြုံပြီး ကြွယ်ဝသည့် အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေးအတွက် အိနိ္ဒိယနဲ့ အမေရိကန်တို့မှာ တူညီတဲ့ အမြင်ရှိပါတယ်။ ဒီလိုဖြစ်လာအောင်လည်း ပူးပေါင်းဆောင်ရွက်သွားပါမယ်။ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမယ်။ နိုင်ငံတကာစုဖွဲ့မှုရှိတဲ့ ကမ္ဘာကြီး ဖြစ်လာစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေမှာ လက်တွဲဆောင်ရွက်သွားပါမယ်” ဟု ဘလင်ကန်က ပြောကြားသည်။

အိန္ဒိယနိုင်ငံအနှံ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် ဒေါ်လာ ၂၅ သန်းအကူအညီပေးမည်ဟု အမေရိကန်အစိုးရက ဇူလိုင် ၂၈ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ ရန်ပုံငွေများကို ကာကွယ်ဆေးထိုးရေး လုပ်ငန်းများဖြင့် အသက်များကို ကယ်တင်သွားမည်ဖြစ်သလို သတင်းမှားများ၊ ကာကွယ်ဆေးထိုးအစီအစဉ် နှေးကွေးနေမှုတို့ကို ဖြေရှင်းရန်နှင့် ကျန်းမာရေးဝန်ထမ်းများအား ပိုမို လေ့ကျင့်ပေးသွားနိုင်မည်ဟု ဘလင်ကန်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly