ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေကို နေရပ်ပြန် လက်ခံရေး စတင်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေကို နေရပ်ပြန် လက်ခံရေး စတင်
ဓာတ်ပုံ- ဦးရဲမင်းဖေ့စ်ဘွတ်

ဩဂုတ် ၁

ထိုင်းနိုင်ငံကနေ နေရပ်ပြန်လိုတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဒီနေ့ ဩဂုတ်လ ၁ ရက်နေ့က စတင်ပြီးတော့ တစ်ရက်ကို လူဦးရေ ၂၀၀ နှုန်းနဲ့ တစ်ရက်ခြား တစ်ကြိမ် အာဏာသိမ်း စစ်ကောင်စီက ပြန်လည်လက်ခံရေး ပြုလုပ်ပေးနေတယ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို မြဝတီမြို့ရှိ ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) က ပြန်လည်လက်ခံရေး အစီအစဉ်တွေကို ရပ်နားထားတာကနေ ဒီနေ့ကစတင်ပြီး ပြန်လည်လက်ခံပေးနေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ- ဦးရဲမင်းဖေ့စ်ဘွတ်

မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ AAC အထွေထွေတာဝန်ခံ ဦးရဲမင်းက “အရင်တခါ ပွဲစားစကားယုံပြီး စုပြုံဆင်းလာကြတာ ချစ်ကြည်ရေးတံတားထိပ်မှာအိမ်ပြန်မရ ပိတ်မိကုန်ကြတာ ခံရမည့်အရာတွေ ကြိုတင်ပြင်ဆင် သတိထားကြပါ။ ကားသမားတွေကို အယုံလွယ်ပြီး ငွေကြိုပေးတာ
တွေ မလုပ်ပါနဲ့” လို့ လူမှုကွန်ရက်မှာ အသိပေး ရေးသားထားပါတယ်။

နေရပ်ပြန်လာသူတွေဟာ မြဝတီနဲ့ ကော့ကရိတ်ခရိုင်အတွင်းရှိ သတ်မှတ်နေရာတွေမှာ COVID 19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရမှာဖြစ်ပြီး ကိုဗစ်ရောဂါပိုးတွေ့ရှိသူတွေကတော့ မြဝတီမြို့ ကိုဗစ်စင်တာတွေမှာ ရောဂါပျောက်ကင်းအောင် နေထိုင်ပြီးမှ နေအိမ်ကို ပြန်သွားရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ- ဦးရဲမင်းဖေ့စ်ဘွတ်

COVID 19  ရောဂါပိုး မတွေ့ရှိသူတွေကတော့ သက်ဆိုင်ရာမြို့နယ်ရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေး စင်တာတွေမှာ သတ်မှတ်ရက်အတိုင်း နေထိုင်ပြီးမှသာ နေအိမ်ပြန်ရမယ်လို့ သိရပါတယ်။

အရင်က ကိုဗစ်စစ်ဆေးခနဲ့ စားစရိတ်ကုန်ကျမှုကို ပြည်သူ့အစိုးရက ကျခံပေးပေမယ့် အခုနေရပ်ပြန်လာ သူတွေအနေနဲ့တော့ ကိုဗစ်စင်တာတွေနဲ့ အသွားအလာကန့် သတ်စောင့်ကြည့်ရေးစင်တာတွေမှာ နေထိုင်စဉ်အတွင်း ကိုဗစ်စစ်ဆေးခနဲ့ စားစရိတ်ကုန်ကျငွေတွေကို ကိုယ့်အစီအစဉ်နဲ့ ကျခံရမယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly