နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၁ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၁ ဇူလိုင် ၂၀၂၁)
ပုံ - မန္တလေးမြို့ အောင်မြေသာစံ ကျောင်းသားကျောင်းသူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းပေါင်းစုံသပိတ်စစ်ကြောင်း (ပေးပို့သူ - CJ)

 ရန်ကုန်တိုင်းဒေသကြီး

·       စစ်ကောင်စီလက်ပါးစေများက နည်းမျိုးစုံဖြင့် အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်မှုများရှိနေသော်လည်း အာဏာရှင် စနစ်မလိုလားသည့် ပြည်သူများက ဇူလိုင်လ ၂၉ ရက် ညပိုင်းက ရန်ကုန်မြို့တစ်နေရာတွင် ညသပိတ်ကို ပြုလုပ်ခဲ့ကြသည်။

·       ကိုဗစ်တတိယလှိုင်းပြင်းထန်ပြီးအလုပ်လက်မဲ့ဖြစ်နေချိန် မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် အလံထောင်ကာအကူအညီတောင်းသည့် ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်မှ နေအိမ်အား စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက ခေါ်ယူကြိမ်းမောင်းမှု ဇူလိုင်လ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သည်။

·       ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးအနီး ရွှေအိုးဆေးဆိုင်တွင်ဆေးဝယ်ရန်တန်းစီနေသော လူ တစ်ထောင်ကျော်အား ရဲတပ်ဖွဲ့ဝင်များက ကိုဗစ်စည်းကမ်းနှင့်ညီညွတ်မှုမရှိဟုဆိုကာ ဆေးဝယ်ယူခြင်း မပြုရန်နှင့် ဆက်လက်ရောင်းချခြင်းမပြုရန် ဆေးဆိုင်ကို ယနေ့ဇူလိုင် ၃၁ ရက်နေ့ နံနက် ပိုင်းကတားမြစ်ပိတ် ပင်လိုက်ကြောင်း သိရသည်။

·       တောင်ဒဂုံမှ ပန်းဆိုးတန်းလမ်းထိ ပြေးဆွဲသည့် ပုဂ္ဂလိကပိုင် YBS (၇)ယာဉ်လိုင်းမှ ပြည်သူမှပြည်သူသို့ အစီအစဉ်ဖြင့် တစ်နေ့တာ အခမဲ့ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး

·       မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ ညပိုင်းတွင် နေ့စဉ် ပြုလုပ်နေကျဖြစ်သော ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက် ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များကမေတ္တသုတ် မောရသုတ်ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့သည်။

·       မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်ရုံးအတွင်း ဇူလိုင်လ ၃၁ ရက် ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲပြီး လူထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း သိရသည်။

·       မန္တလေး မြတောင်သပိတ်စစ်ကြောင်းမှ လူငယ်များ နေထိုင်ရာ နေရာကို ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များက အကြမ်းဖက် ပစ်ခတ် ဖြိုခွင်း စီးနင်း ဖမ်းဆီးရာ ၁၁ ဦး အဖမ်းခံရပြီး ၂ ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း သိရသည်။

·       မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃၁ရက်နေ့တွင် ပရိတ်ရွတ်မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

·       မန္တလေးမြို့တွင် အကြမ်းဖက် စစ်တပ် ရမ်းကားနေသော်လည်း စစ်ကိုင်း-မန္တလေး လမ်းမပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ခွပ်ဒေါင်းအောင်လံတော်လွှင့်ကာ အမရပူမြို့နယ်ကျောင်းသားများ သမဂ္ဂက ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       ယနေ့ မန္တလေးတွင် ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်း စစ်အာဏာရှင်ဖြုတ်ချရေး ချီတက် ဆန္ဒပြသည့် မန္တလာတက္ကသိုလ် သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်များက အိမ်စီးကားများဖြင့် တိုက်၍ ဖမ်းဆီးသဖြင့် လူငယ် ၁ ဦး အဖမ်းခံရကြောင်း သပိတ်တွင် ပါဝင်သူများထံမှ သိရှိရသည်။

·       မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် " လက်နက်အားကိုး စောက်ကြောက်တွေ ရှက်တတ်ကြရင် ထမိန်ပြောင်းဝတ်ထား " အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

·       မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာများတွင်  ဇူလိုင်လ ၃၀ ရက်နေ့ ညပိုင်းက အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြပြီး သံပုံးတီး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းသည် ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်အာဏာရှင်ဖြုတ်ချရေး ကျေးရွာများအတွင်း လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။

·       စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ တောက်လတ်ဒေသတွင် ကိုဗစ်ကာကွယ်ရေး လုပ်ဆောင်ရင်း စစ်ကောင်စီ ဖြုတ်ချရေး ဇူလိုင်လ ၃၁ ရက်နေ့ ယနေ့နံနက်ပိုင်းတွင် ဆန္ဒပြကြသည်။

·       ရွှေဘိုမြို့နယ်မှ ကျေးရွာတစ်ရွာ လူငယ်များမှ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ချီတက် ဆန္ဒပြခဲ့ကြသည်။

·       ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃၁ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၇၄ ရက်မြောက်အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်တိုင်း ယက်းမာပင်ခရိုင် ဆားလင်းကြီး မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင် ၃၁ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး

·       မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း ဝန်ခြုံးရွာကို ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နေ့လည် ၁နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အဖွဲ့များ ကမီးရှို့နေကြောင်း သိရသည်။

·       မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း ဝန်ခြုံးရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အဖွဲ့များ မီးရှို့ပြီးနောက် ဒေသခံပြည်သူ ထောင်နဲ့ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

·       မကွေးတိုင်း၊ မြိုင်မြို့နယ် မြောက်ပိုင်းဇုန်ရှိ ကျေးရွာတစ်ရွာတွင် တော်လှန်တက်ကြွပြည်သူများမှ ဇူလိုင်လ ၃၁ ရက် နံနက်တွင် ပြည်သူမှ ပြည်သူသို့ လိုလျှင်ယူ ပိုလျှင်လှူ အစီအစဉ်ပြုလုပ်ကာ ဆန်များနှင့် ဟင်းသီးဟင်းရွက်များ ဝေငှခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး

·       ထားဝယ်မြို့ပေါ်တွင် ဇူလိုင်လ ၃၀ ရက်နေ့ ညပိုင်းက အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လူငယ်များ ဦးဆောင်ကာ ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး

·       ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် အပါအဝင် စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်မှာ CDMလှုပ်ရှားမှုများ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ပြီး မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပြည်သူ့ဝန်ထမ်း ၂၇ဦးကို ဩဂုတ်လ ၂ရက်တွင် အမှုများ ပိတ်သိမ်းပြီးပြန်လည်လွှတ်မည်ဟု စစ်ကောင်စီရုံးစာများ အွန်လိုင်းတွင် ပျံ့နေသည်။

ကရင်ပြည်နယ်

·       စစ်အုပ်စု၏လက်နက်ကြီးများ၊ စစ်ရေးလှုပ်ရှားမှုများကြောင့် KNU နယ်မြေထဲက ကရင်စစ်ရှောင် ရွာသူ၊ ရွာသား ၇၇၀,၀၀ ခန့် ထွက်ပြေးပုန်းရှောင်နေရကြောင်း ကော်သူးလေ သတင်းစဉ်က ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်

·       ကချင်ပြည်နယ်၊ နမ္မတီးမြို့ အနောက်ဘက်ရှိ ဆီးဒင်ယန်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်မှ ဇူလိုင်လ ၃၁ ရက် ယနေ့ နံနက် ၄ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

·       ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ယနေ့ ဇူလိုင်လ ၃၁ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး လူငယ်များ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်

·       ချင်းပြည်နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ဇူလိုင်လ ၁၉ ရက်ကနေ ၂၉ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CDF မင်းတပ်က ဒီနေ့ (ဇူလိုင်လ ၃၁ ရက် ) မှာ ထုတ်ပြန်ထားပါတယ်။

·       ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း ဇူလိုင်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ အကြမ်းဖက် စစ်ကောင်စီ စတပ်နှင့် CDF-Mindat, CNF ၊ CDF-Matupi တို့အ ကြား ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ ဘက်မှ ၁၄ဦးသေဆုံးကာ CDF-Matupi က ၃ ဦးကျဆုံးကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်

·       ရှမ်းပြည်နယ်၊ မူဆယ်မြို့  မန့်မိုင်နှင့် စက်မှုဇုန်ကြားရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ပိုင် အိမ်နှစ်အိမ်ကို ဇူလိုင် ၃၀ ရက်နေ့ည ၇:၄၅ နာရီလောက်မှာ အမည်မသိ လက်နက်ကိုင်အုပ်စုက လာရောက်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly