ကွန်ဂိုတွင် မိုင်းတွင်းအလုပ်သမားများကို ရိုက်နှက်ရန် စစ်သားများကို ခိုင်းစေခဲ့သည့် တရုတ်နိုင်ငံသား ၂ ဦးကို တရားစွဲဆိုမည်

ကွန်ဂိုတွင် မိုင်းတွင်းအလုပ်သမားများကို ရိုက်နှက်ရန် စစ်သားများကို ခိုင်းစေခဲ့သည့် တရုတ်နိုင်ငံသား ၂ ဦးကို တရားစွဲဆိုမည်

အလုပ်လုပ်သည့် အလုပ်သမားများကို လူမဆန်စွာ ရိုက်နှက်ရန် ကွန်ဂိုစစ်သားများအား ဇူလိုင် ၂၄ ရက်က ခိုင်းစေခဲ့သည့် တရုတ်နိုင်ငံသား ၂ဦးကို စစ်ဘက်ဆိုင်ရာ တရားစွဲဆိုမည်ဟု ကွန်ဂိုစစ်တပ်က ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကွန်ဂိုစစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် လီယွန်ရစ်ချက်ကာဆွန်ဂါက “တရုတ်နိုင်ငံသား ၂ဦးသည် ကွန်စစ်တပ် (FARDC) မှ စစ်သား ၂ ဦးကို အသုံးပြုကာ သတ္တုတွင်း အလုပ်သမား ၂ဦးကို ရိုက်နှက် နှိပ်စက်စေခဲ့သည်” ဟု စထရိတိုင်းမ်း သတင်းစာတွင် ဖော်ပြခဲ့သည်။

အဆိုပါ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချကာ ကွန်ဂိုစစ်သား ၂ ဦးနှင့် တရုတ်ကြံရာပါများကို ဖမ်းဆီး၍ စစ်ဘက်တရားရုံးသို့ လွှဲပြောင်းပေးခဲ့ကြောင်း ပြင်သစ်သတင်းဌာနကို ကိုးကား၍ စထိရိတိုင်းမ်သတင်းတွင် ရေးသားထားသည်။

စစ်သားများအား ရာဇဝတ်မှုကျူးလွန်စေရန် မြှောက်ပင့်ပေးခြင်းနှင့် ၎င်းတို့၏ တာဝန်များနှင့် မကိုက်ညီသည့် လုပ်ရပ်များဖြင့် တရုတ်နိုင်ငံသားများကို တရားစွဲမည်ဟုလည်း ကွန်ဂိုစစ်တပ်မှ တာဝန်ရှိသူက ပြောကြား သည်။

စစ်သားများ၏ တာဝန်သည် ပြည်သူနှင့် ပြည်သူများ၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဖြစ်ကြောင်းနှင့် အလားတူ လုပ်ရပ်များကို ပြုလုပ်သော မည်သည့် စစ်သားမဆို ဥပဒေကြောင်းအရ ရင်ဆိုင်ရလိမ့်မည်ဟု စစ်တပ်က သတိပေးခဲ့သည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် သတ္ထုတွင်းကို တရုတ်ကုမ္ပဏီတစ်ခုက တာဝန်ယူ လုပ်ဆောင်နေသည်။

“ဘယ်လိုပဲ ဖြစ်ဖြစ် တစ်စုံတစ်ဦးဟာ စစ်သားတွေကို အသုံးချပြီး ဥပဒေကို လက်ထဲကနေ လုပ်ချင်သလို လုပ်ပိုင်ခွင့်မရှိပါဘူး” ဟု နယ်မြေအရာရှိတစ်ဦးဖြစ်သူ ဂက်ဆန်မူဆစ်က ပြောကြားသည်။

ကွန်ဂိုစစ်သားနှစ်ဦးက အမျိုးသားနှစ်ဦးအား မြေပြင်တွင် လူးလိမ့်အောင်ရိုက်နှက်နေသည့် ဗီဒီယိုဖိုင်သည် လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly