တရုတ်၏ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ဖြေရှင်းသွားရေး ဂျပန်က သြစတြေးလျကို စည်းရုံး

By The Singapore Post
31 July 2021
တရုတ်၏ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ဖြေရှင်းသွားရေး ဂျပန်က သြစတြေးလျကို စည်းရုံး

တရုတ်၏ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အတူတကွ လက်တွဲလုပ်ဆောင်သွားရေးအတွက် ဂျပန်က သြစတြေးလျ အစိုးရထံ တိုက်တွန်းခဲ့ကြောင်း သိရသည်။ ဒေသတွင်း ပင်လယ်ရေပြင်များအတွင်း တရုတ်၏ နယ်မြေတောင်းဆိုမှုများကိုလည်း အတူတကွ ကိုင်တွယ်သွားရေး ဂျပန်က သြစတြေးလျကို တိုက်တွန်းခဲ့သည်။

အထက်ပါ အဆိုပြုချက်ကို သြစတြေးလျဆိုင်ရာ ဂျပန်သံအမတ်ကြီး ရှင်ဂို ယာမာဂါမီက ဇူလိုင် ၂၁ ရက်က ကင်ဘာရာတွင် တင်ပြခဲ့ခြင်း ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဂျပန်နှင့် သြစတြေးလျ တို့အနေဖြင့် ယင်းတို့၏ အလုံးစုံ ကာကွယ်‌ရေးဆိုင်ရာ ဆက်ဆံမှုများကို “မကြုံစဖူးသော” လယ်ဗယ်များဆီအထိ တိုးမြှင့်သွားရေးအတွက်လည်း တွန်းအားပေးခဲ့သည်။

တရုတ်၏ ခေါင်းထောင်မှုကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် စိတ်တူကိုယ်တူ နိုင်ငံများအနေဖြင့် “လက်တွဲချိတ်ဆက်” လုပ်ဆောင်ရမည်ဖြစ်ကြောင်း သြစတြေးလျဆိုင်ရာ ဂျပန်သံအမတ်က National Press ကို ပြောသည်။ တရုတ်သည် တောင်တရုတ်ပင်လယ်ပြင်မှာရော၊ အရှေ့တရုတ် ပင်လယ်ပြင်မှာပါ မိမိကိုယ်မိမိ ယုံကြည်လွန်းသော ရပ်တည်ချက်တစ်ရပ်ကို ကိုင်စွဲထားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဂျပန်အစိုးရသည် တရုတ်အရေး ကိုင်တွယ်ဖြေရှင်းမှုအပိုင်းတွင် သြစတြေးလျအစိုးရ လုပ်ထားခဲ့သည်ထက် ပိုမို ကွဲပြားချက်များ ရှိပြီး ပိုမိုထိရောက်သော ချဥ်းကပ်မဟာဗျူဟာတစ်ခု ရှိထားသည် ဆိုပြီး အကဲခတ်တစ်ချို့ တင်ပြထားသော အကြောင်းပြချက်တစ်ခုကိုလည်း ၎င်းက လက်မခံဘဲ ပယ်ချသွားခဲ့ကာ “နေ့စဥ်နေ့တိုင်း ဂျပန်သည်လည်း အပြင်းအထန် ကြိုးပမ်းနေပါကြောင်း” အခိုင်အမာ ပြောခဲ့သည်။

“ကျွန်တော်တို့ဟာ တစ်လှေတည်းစီး၊ တစ်ခရီးတည်း သွားနေသူတွေပါ၊ ဒါကြောင့် ကျွန်တော်တို့ အတူ လုပ်ဆောင်သင့်ပါတယ်” ဟု ယာမာဂါမီက ပြောသည်။

ဂျပန်နှင့် သြစတြေးလျတို့အနေဖြင့် အရှေ့တရုတ်ပင်လယ်တွင် ပိုမို တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားသင့်ကြောင်း ယာမာဂါမီက ပြောခဲ့ကာ အဆိုပါ အရှေ့တရုတ်ပင်လယ်တွင် ဆန်ကာကူ ကျွန်းစုအနီး တရုတ် ကမ်းခြေစောင့် ရေယာဥ်များနှင့် ငါးဖမ်းရေယာဥ်များ အစုအပြုံလိုက်ရောက်ရှိမှုများ ရှိခဲ့ကြောင်း တိုကျိုက ထုတ်ဖော်ထားခဲ့သည်။ အဆိုပါ လူမနေသော ကျွန်းများကို ဂျပန်က ထိန်းချုပ်ထားသော်လည်း ယင်းတို့ကို တရုတ်ကလည်း ယင်းပိုင်အဖြစ် ဆိုထားပြီး ဒိုင်အိုယု ကျွန်းများအဖြစ် ခေါ်ဆိုထားသည်။

တရုတ်သည် “အရှေ့တရုတ်ပင်လယ်ရှိ မူလ ရှိရင်းစွဲ အခြေအနေကို စိန်ခေါ်ရန် ဗြောင်ကျကျ ကြိုးပမ်းမှုတစ်ခု” တွင် ပါ၀င်လုပ်ဆောင်နေကြောင်း သြစတြေးလျဆိုင်ရာ ဂျပန်သံအမတ်ကြီးက စွပ်စွဲခဲ့သည်။ သို့သော် အခြေအနေသည် သြစတြေးလျနှင့်လည်း တနည်းနည်းဖြင့် ဆက်စပ်မှု ရှိဟု ၎င်းက ပြောခဲ့သည်။

ယင်းသို့ ဖြစ်ခြင်း၏ အကြောင်းမှာ သြစတြေးလျသည် အရှေ့တရုတ်ပင်လယ်ကနေ ဖြတ်သန်းသည့် သင်္ဘောအသွားအလာ လမ်းကြောင်းများကို မှီခိုနေရ၍ ဖြစ်ကြောင်း သိရသည်။

“ဒီ အပိုင်းကဏ္ဍမှာတော့ အရှေ့တရုတ်ပင်လယ်ဟာ တောင်တရုတ်ပင်လယ်လိုပဲ သြစတြေးလျရဲ့ လုံခြုံရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေအတွက် အရေးပါ ပါတယ်” ဟု ယာမာဂါမီက ပြောသည်။

“နှစ်ခုစလုံးဟာ ကျွန်တော်တို့အတွက် အသက်သွေးကြောတွေပါပဲ၊ ဒါကြောင့် ဒီပင်လယ်ပြင်တွေမှာ အင်အားသုံးပြီးဖြစ်စေ ဒါမှမဟုတ် အကျပ်ကိုင်ပြီးဖြစ်စေ မူလရှိရင်းစွဲ အခြေအနေကို စိန်ခေါ်ဖို့ တစ်ဖက်သတ်ကြိုးပမ်းမှု မှန်သမျှက ကျွန်တော်တို့ရဲ့ အကျိုးတရားတွေကို မလွဲဧကန် ထိခိုက်သက်ရောက်မှု ရှိစေပါလိမ့်မယ်” ဟု ၎င်းက ပြောခဲ့သည်။

အရှေ့တရုတ်ပင်လယ်တွင် မည်သည့် ပူးတွဲ လုပ်ဆောင်ချက် အမျိုးအစားများကို စဥ်းစားမိထားသလဲ မေးမြန်းခဲ့ရာတွင် ယာမာဂါမီက အသေးစိတ်တိကျသော လုပ်ဆောင်ချက်များကို စဥ်းစားရန်မှာ သြစတြေးလျအပေါ်တွင် မူတည်လိမ့်မည်ဖြစ်ကြောင်း၊ သို့သော် ၎င်း၏ အမြင်အရဆိုလျင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် ထောက်လှမ်းရေး သတင်းအချက်အလက် စု‌ဆောင်းမှုတို့မှာ ထည့်သွင်းစဥ်းစားနိုင်သည့် ဥပမာများဖြစ်ကြောင်း ယာမာဂါမီက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly