တရုတ်နည်းပညာကုမ္ပဏီ၏ ခြိမ်းခြောက်မှုအန္တရာယ်ကို ပင်တဂွန် ထုတ်ဖော်

By Bignewsnetwork
31 July 2021
တရုတ်နည်းပညာကုမ္ပဏီ၏ ခြိမ်းခြောက်မှုအန္တရာယ်ကို ပင်တဂွန် ထုတ်ဖော်

တရုတ်နည်းပညာကုမ္ပဏီ Da Jiang Innovations (DJI) က ထုတ်လုပ်သော ထုတ်ကုန်စနစ်များသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် ဖြစ်နိုင်ခြေရှိ ခြိမ်းခြောက်မှုများကို ထုတ်ဖော်ပြသလျက် ရှိကြောင်း အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာန (DOD) က ဇူလိုင် ၂၃ ရက်က ထုတ်ဖော်ခဲ့သည်။

“Da Jaing Innovations (DJI) က ထုတ်လုပ်တဲ့ စနစ်တွေက အမျိုးသားလုံခြုံရေးအတွက် ဖြစ်နိုင်ဖွယ်ရာ ခြိမ်းခြောက်မှုတွေကို ဖြစ်ပေါ်စေလျက်ရှိတယ်ဆိုတာကို ကာကွယ်ရေး၀န်ကြီးဌာနက သဘောထား ထုတ်ပြန်ပါတယ်” ဟု အဆိုပါ ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင်တွင် ထုတ်ဖော်ထားခဲ့သည်။

“အမေရိကန် အစိုးရ အေဂျင်စီတွေနဲ့ အမေရိကန်စစ်ဘက်ဌာနတွေမှာ အမှုထမ်းနေတဲ့ တပ်ဖွဲ့တွေ ဒီစနစ်တွေကို အသုံးပြုမှုပိုင်းနဲ့ ဆက်နွယ်ပတ်သက်တဲ့ DOD ရဲ့ ရှိရင်းစွဲ မူ၀ါဒနဲ့ လုပ်ကိုင်မှုတွေကတော့ အရင်အတိုင်း မပြောင်းမလဲဘဲ ဆက်ရှိနေပါတယ်၊ သတင်းရေးသားဖော်ပြမှုတစ်ချို့မှာ ဒီလိုမျိုးမဟုတ်ဘဲ ကွဲလွဲမှုတွေကို ဖော်ပြထားတာ ရှိခဲ့ပါတယ်၊ အဲဒီလို ဖော်ပြမှုမျိုးတွေကိုလည်း DOD က ခွင့်ပြုချက်မပေးထားပါဘူး” ဟု DOD က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်လက အမေရိကန်မီဒီယာ သတင်း ဖော်ပြချက်တစ်ခုထဲတွင် ပင်တဂွန် စစ်ဆေးမှုတစ်ရပ်အရ အမေရိကန်အစိုးရ အသုံးပြုရန်အတွက် DJI က တည်ဆောက်ပေးခဲ့သည့် ဒရုန်းနှစ်မျိုးသည် “အဖျက်အမှောင့် ကုဒ် သို့မဟုတ် ရည်ရွယ်ချက်” မရှိကြောင်းနှင့် ယင်းတို့ကို အစိုးရဌာနများနှင့် စစ်ဘက်ဌာနများတွင် အမှုထမ်းနေသည့် တပ်ဖွဲ့များ အသုံးပြုရန် ထောက်ခံချက်ပေးထားကြောင်း” ဖော်ပြခဲ့သည်။ ယင်းကဲ့သို့ အမေရိကန် အေဂျင်စီတစ်ချို့ ၀ယ်ယူအသုံးပြုရန် အမေရိကန်အစိုးရက DJI ဒရုန်းအချို့ကို အတည်ပြုချက်ပေးထားသည်ဆိုသည့် သတင်းဖော်ပြချက်တစ်ရပ်မှာ မှန်ကန်တိကျခြင်း မရှိဘဲ ထိုကဲ့သို့ သတင်းအချက်အလက်များ ထုတ်ဖော်မှုကို ခွင့်ပြုချက် မပေးထားခဲ့ကြောင်း အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာနက ပြောခဲ့သည်။

“၂၀၁၈ ခုနှစ်မှာတော့ ဆိုက်ဘာ လုံခြုံရေး စိုးရိမ်ပူပန်မှုတွေကြောင့် ဘယ်ကုမ္ပဏီကနေပဲဖြစ်ဖြစ် အထူးအော်ဒါမှာယူဒီဇိုင်းထုတ်တာမျိုးမဟုတ်တဲ့ စီးပွားဖြစ်ဒရုန်း အားလုံး ၀ယ်ယူ အသုံးပြုမှုအပေါ် ပိတ်ပင်ချက်တစ်ရပ် DOD က ထုတ်ခဲ့ပါတယ်၊ နောက်တစ်နှစ်မှာတော့ တရုတ်မှာ ထုတ်လုပ်တဲ့ ဒရုန်းတွေနဲ့ တပ်ဆင်အစိတ်အပိုင်းတွေ ၀ယ်ယူ အသုံးပြုမှုအပေါ် အထူးပိတ်ပင်တဲ့ ဥပဒေတစ်ရပ်ကို ကွန်ဂရက်က အတည်ပြုခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့သည်။

ယင်းအနေဖြင့် တန်ပြန် ဒရုန်း ကိုယ်စား ထောက်လှမ်းစစ်ဆေးမှုနှင့် လေ့ကျင့်မှု သို့မဟုတ် ထောက်လှမ်းရေး၊ အီလက်ထရောနစ် စစ်ပွဲ၊ သတင်းအချက်အလက် စစ်ပွဲ လုပ်ဆောင်ချက်များ၊ စမ်းသပ်မှု၊ အကဲခတ်မှုနှင့် လေ့ကျင့်မှုတို့ကို လုပ်ဆောင်နေခဲ့မှသာလျင် တရုတ် ထုတ် ဒရုန်းများကို ကာကွယ်ရေးဌာနက ၀ယ်ယူရန် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required