မူးယစ်ဆေးအလွဲသုံးမှု ထိန်းချုပ်ရေးတွင် ဘာသာရေးခေါင်းဆောင်များ ပါဝင်ရန် အိန္ဒိယနိုင်ငံ ဆရီနဂါခရိုင် အုပ်ချုပ်ရေးအဖွဲ့က စည်းရုံးတိုက်တွန်း

By India Blooms News Service
31 July 2021
မူးယစ်ဆေးအလွဲသုံးမှု ထိန်းချုပ်ရေးတွင် ဘာသာရေးခေါင်းဆောင်များ ပါဝင်ရန် အိန္ဒိယနိုင်ငံ ဆရီနဂါခရိုင် အုပ်ချုပ်ရေးအဖွဲ့က စည်းရုံးတိုက်တွန်း

မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းချမှုတို့အား ထိန်းချုပ်နှိမ်နှင်းရေးတွင် ဘာသာရေးခေါင်းဆောင်များပါဝင်ရန် အစီအစဉ်ကို အိန္ဒိယနိုင်ငံ၊ ဆရီနဂါခရိုင်အုပ်ချုပ်ရေးအဖွဲ့က စတင်လိုက်သည်။

မူးယစ်ဆေးအလွဲသုံးမှုနှင့် ဆိုးကျိုးများကို လူ့အဖွဲ့အစည်းတွင် သိအောင် စေတနာ့ဝန်ထမ်းများအဖြစ် ဆောင်ရွက်ပေးရန် ဘာသရေးခေါင်းဆောင်များကို အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုခဲ့သည်။

အခြားလုပ်ငန်းစဉ်များတွင် လှုံ့ဆော်သတိပေးရေးအစီအစဉ်များ၊ ဆေးဝါးသုံးစွဲနေရသူများကို စာရင်းပြုစုရေး၊ ကုသရေးဌာနများကို ကူညီရေးနှင့် မူးယစ်ဆေးအလွဲသုံးစားမှုများအား ထိန်းချုပ်ရန် ဝန်ဆောင်မှုပေးနေသူများ၏ စွမ်းရည်မြှင့်တင်ရေးတို့ကို ဆောင်ရွက်ရန်လည်း ပါရှိသည်။

ဆရီနဂါခရိုင် ဒုတိယကော်မရှင်နာဆယက်ဟာနစ်ဖ်ဘယ်လ်ခီက ကုသမှုနှင့် ဆေးဖြတ်ဌာနများ အပေါ်ကူညီခြင်း၊ လူငယ်များနှင့် အန္တရာယ်ပိုမိုကျရောက်နိုင်သူများကို ဦးစားပေး ဆောင်ရွက်ခြင်းတို့ ပါဝင်ကြောင်း ပြောကြားသည်။

“ဘာသာရေးနယ်ပယ်အသီးသီးက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးပါပြီ။ မူးယစ်ဆေးအလွဲသုံးမှု မြင့်မားလာခြင်းကိုလည်း စိုးရိမ်ကြောင်း သူတို့က ပြောပါတယ်။ မူးယစ်ဆေးဝါးအန္တရာယ်နဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအကြောင်း ပြည်သူတွေကို ပညာပေးရာမှာ သူတို့လည်းပါဝင်ဖို့ တောင်းဆိုထားပါတယ်” ဟု ဘယ်လ်ခီက ပြောကြားသည်။

မူးယစ်ဆေးစွဲသူများအတွက် ဆေးဖြတ်ဌာနများ ထူထောင်ခြင်းနှင့် စိုးရိမ်ရသူတို့အတွက် ဘာသာရေးနှင့် အသက်အရွယ်အုပ်စုအလိုက် အစီအစဉ်များကို လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောကြားသည်။

“ဆရီနဂါကို မူးယစ်ဆေးစွဲမှု ကင်းစင်တဲ့ နယ်မြေဖြစ်လာအောင် အစွမ်းကုန်ဆောင်ရွက်သွားမှာပါ” ဟုလည်း ၎င်းက ပြောကြားသည်။ ယင်းသို့လုပ်ဆောင်ရာတွင် စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်းနှင့် နှစ်သိမ့်ဆွေးနွေးခြင်းအပြင် ကုသမှုနှင့်တွဲ၍ ပြန်လည်ထူထောင်ရေးများ ပါဝင်မည်ဖြစ်သည်။

“မူးယစ်ကင်းစင်တဲ့ ဆရီနဂါဖြစ်အောင် လုပ်ဆောင်ရတာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ တစ်ဦးချင်းစီဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဘာသာရေးနဲ့ လူမှုရေးခေါင်းဆောင်တွေကို ဒီလုပ်ငန်းမှာပါဝင်ဖို့ တိုက်တွန်းထားပါတယ်။ တစ်ဦးချင်းစီရော၊အစုအဖွဲ့တွေကပါ ဒီလိုမြင့်မြတ်တဲ့ လုပ်ငန်းမှာ ပါဝင်ဖို့ ပြောထားပါတယ်” ဟု ဘယ်လ်ခီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly