အိန္ဒိယနှင့် မိတ်ဖက်ဆက်ဆံရေး ဆက်လက်ထားရှိဆဲဖြစ်ကြောင်း တူရကီသံအမတ်သစ် ပြောကြား

By The Print
31 July 2021
အိန္ဒိယနှင့် မိတ်ဖက်ဆက်ဆံရေး ဆက်လက်ထားရှိဆဲဖြစ်ကြောင်း တူရကီသံအမတ်သစ် ပြောကြား

အိန္ဒိယနှင့် တူရကီတို့၏ ဆက်ဆံရေးကို ပြန်လည် ပြင်ဆင်ရန် မလိုကြောင်းနှင့် အိန္ဒိယအစိုးရသည် အရေးကြီးသည့် မိတ်ဆွေနိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း အိနိ္ဒိယနိုင်ငံဆိုင်ရာ အသစ်ခန့်အပ်လိုက်သည့် တူရကီသံအမတ်ကြီး ဖီယက်ဆူနယ်က ပြောကြားလိုက်သည်။

နှစ်နိုင်ငံအကြား မျက်နှာသစ်ဖွင့်လှစ်ပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရမည်ဟုလည်း ၎င်းက ပြောကြားသည်။

မိမိတို့ နှစ်နိုင်ငံသည် ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သောကြောင့် ဒီမိုကရေစီ၊ ဥပဒေစိုးမိုးရေးနှင့် လွတ်လပ်သော စီးပွားရေး ဆောင်ရွက်မှုကဲ့သို့ အခြေခံဘုံတန်ဖိုးများတွင် တူညီကြောင်းလည်း ၎င်းက ပြောကြားသည်။

“အိန္ဒိယရဲ့ တည်နေရာ၊ လူသားရင်းမြစ်၊ တိုးတက်ကောင်းမွန်တဲ့ စီးပွားရေးနဲ့ နိုင်ငံတကာအခန်းကဏ္ဍမှာ ပိုမို အရေးကြီးလာတာကြောင့် အရေးပါတဲ့ မိတ်ဆွေနိုင်ငံအဖြစ် သတ်မှတ်ထားပြီး ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ဖို့ မလိုအပ်ပါဘူး” ဟု ဆူနယ်က ပြောသည်။

လက်ရှိ ဆက်ဆံရေးသည် ပြည်သူများအကြား ချိတ်ဆက်စေပြီး ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာဆက်နွှယ်မှုများ သည် နယ်ပယ်အားလုံးတွင် မိမိတို့၏ ဆက်ဆံရေးကို တိုးမြင့်စေကြောင်းလည်း ပြောကြားသည်။

အိနိ္ဒယနိုင်ငံအတွင်းမှ ဂျမူးနှင့် ကက်ရှ်မီးယားဒေသကို အထူးအခွင့်အရေးပေးထားသည့်အဆင့်မှ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် ပုဒ်မ ၃၇၀ ဖြင့် ဖျက်သိမ်းခဲ့ပြီးနောက် အိန္ဒိယနှင့် တူရကီတို့၏ ဆက်ဆံရေး ကျဆင်းခဲ့သည်။

အဆိုပါ ဖျက်သိမ်းမှုကို တူရကီသမ္မတ ရီကက်တေယစ်အာဒိုဂန်က ဝန်ကြိးချုပ်မိုဒီအား ဝေဖန်ခဲ့ကာ အိန္ဒိယအစိုးရက ပါကစ္စတန်နှင့်တင်းမာမှုများအား ထိပ်တိုက်မရင်ဆိုင်ဘဲ ဆွေးနွေးညှိနှိုင်းမှုဖြင့်သာ ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလက ပါကစ္စတန်သို့ သွားရောက်သည့်ခရီးစဉ်တွင် အာဒိုဂန်က ၎င်း၏ အစိုးရသည် ကက်ရှ်မီးယားအရေးနှင့် ပတ်သက်၍ ပါကစ္စတန်အစိုးရက ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သလို ကက်ရှ်မီးယားပြဿနာသည် ၎င်းတို့နိုင်ငံ ပထမကမ္ဘာစစ်အတွင်း ကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် တူညီနေကြောင်း နှိုင်းယှဉ်ပြခဲ့သည်။

ကက်ရှ်မီးယားအရေးတွင် တူရကီ၏ မှတ်ချက်များသည်အိန္ဒိယ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး လုံးဝလက်မခံနိုင်ကြောင်း အိန္ဒိယအစိုးရက တုံ့ပြန်ခဲ့သည်။

ယခုနှစ်အစောပိုင်းက အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ခါသည် တူရကီ နိုင်ငံခြားရေးဝန်ကြီး မီဗလော့ကဗူဆိုဂူနှင့် တာဂျစ်ကစ္စတန်နိုင်ငံ၊ ဒူရှန်ဘီမြို့၌ တွေ့ဆုံကာ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍတို့အတွက်ဆက်ဆံရေး တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly