လိုင်ဇာတွင် ကုန်ပစ္စည်းများစျေးတင်မရောင်းရန် KIA ထုတ်ပြန်

လိုင်ဇာတွင် ကုန်ပစ္စည်းများစျေးတင်မရောင်းရန် KIA ထုတ်ပြန်
ဓာတ်ပုံ - Kachinnet

ဇူလိုင် ၃၁

ကိုဗစ် ၁၉ ရောဂါကြောင့် အခက်အခဲဖြစ်နေချိန် ကချင်ပြည်နယ်၊လိုင်ဇာမြို့တွင် ကုန်ပစ္စည်းများကိုပုံမှန်ထက် စျေးတင်မရောင်းရန်နှင့် စျေးတင်ရောင်းပါက အရေးယူမည် ဖြစ်ကြောင်း လိုင်ဇာမြို့အုပ်ချုပ်ရေးရုံးက ဇူလိုင်လ ၃၀ ရက်မှာ ထုတ်ပြန်ထားကြောင်းသိရသည်။

“ကျွန်တော်တို့အနားက ဆိုင်တွေကိုတော့ မနက်ကလူကြီးတွေလာပြောသွားတယ်၊ ဈေးတင်ရောင်းတာတွေမလုပ်ဖို့၊ ဆိုင်တွေအများစုက ပါဆယ်စနစ်နဲ့ပဲရောင်းရတယ်၊ အပြင်ကိုထွက်တဲ့သူလဲသိပ်မရှိပါဘူး” ဟုလိုင်ဇာမြို့ခံတစ်ဦးက ပြောသည်။ 

လိုင်ဇာမြို့သည် ကချင်လွတ်မြောက်ရေးတပ် (KIA) ထိန်းချုပ်ထားသော မြို့တစ်မြို့ဖြစ်ကာ ကချင်တော်လှန်ရေးတပ်၏ဌာနချုပ်တည်ရှိရာနေရာလည်းဖြစ်သည်။

လိုင်ဇာတွင် ကိုဗစ်ရောဂါပိုးတွေ့လူနာ ၂၀ ဝန်းကျင်ခန့် ရှိလာသည့်အတွက် လက်ရှိ လော့ဒေါင်းချထားကာ ပြည်သူများအား ပိုးရှိမရှိ စစ်ဆေးပေးလျှက်ရှိကြောင်းသိရသည်။ 

“စားသောက်ကုန်ပစ္စည်းသွင်းတာလွဲလို့ အဝင်လူပိတ်ထားတယ်” ဟုဒေသခံတစ်ဦးကဆိုသည်။ 

လိုင်ဇာမြို့ရှိ စစ်ရှောင်စခန်းများဖြစ်သည့် ဝေကျိုင်၊ဂျေယန့် စစ်ရှောင်စခန်းတွေကိုလည်း လော့ဒေါင်းချထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly