ရခိုင်မှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေကို စတင်ထိုးနှံပေး

ရခိုင်မှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေကို စတင်ထိုးနှံပေး
ဓာတ်ပုံ- အဟောင်း

ဇူလိုင် ၃၁

ရခိုင်ပြည်နယ်အတွင်း တရုတ်နိုင်ငံထုတ် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးတွေကို မနေ့က ဇူလိုင်လ ၃၀ ရက်နေ့က စတင်ပြီး မြို့နယ်တချို့မှာ သက်ဆိုင်ရာ ကျန်းမာရေး တာဝန်ရှိသူတွေက စတင်ထိုး နှံ့ပေးနေပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွက် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး အရေအတွက် ၃၅၀၀ ကျော် ရရှိထားပြီး အဲဒီကာကွယ်ဆေးတွေဟာ စစ်တွေမြို့ကို ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်း ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

သံတွဲမြို့မှာတော့ မနေ့က စတင်ကာ ကိုဗစ် ၁၉ ရောဂါဆေး စတင်ထိုးနှံ့ပေးခဲ့တာဖြစ်ပြီး ဒီနေ့မှာလည်း ထပ်မံထိုးနှံပေးခဲ့ရာ နှစ်ရက်ပေါင်း လူ ၄၉၂ ဦးကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်တယ်လို့ သံတွဲပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်ရဲဝင်းထွန်းက မဇ္ဈိမကို ပြောပါတယ်။

“ကျွန်တော်တို့က အဖျားတိုင်းတာတို့၊ သွေးပေါင်ချိန်တာတို့ ဒါမျိုးတွေအရင်လုပ်ပြီးမှဘဲ ထိုးခိုင်းတာပေါ့နော်။ လိုလိုလားလား ထိုးကြပါတယ်။ ဒီနေ့ဆိုလို့ရှိရင် ပြန်လွှတ်လိုက်ရတဲ့ လူတွေတောင် ရှိတယ်ပေါ့နော် ” လို့ ဒေါက်တာရဲဝင်းထွန်းက ပြောပါတယ်။

သံတွဲမြို့နယ်အတွက်  ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁၄၃၀ ရရှိထားတယ်လို့ ဒေါက်တာ ရဲဝင်းထွန်းက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့နေရာမှာ အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်းတွေ၊ လူအများနဲ့ ထိတွေ့နေရတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ ကာကွယ်ဆေးထိုး ကျန်ရှိနေသေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး ထိုးနှံပေးနေတာ ဖြစ်ပါတယ်။

စစ်တွေမြို့မှာလည်း  ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးတွေကို ဒီနေ့ ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်းတွေကို စတင်ထိုးနှံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ တတိယလှိုင်းအတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူဟာ ဇူလိုင်လ ၃၀ ရက်နေ့အထိ စုစုပေါင်း ၂၇၁၄ ဦးရှိပြီး သေဆုံးသူ ၁၇၅ ဦးရှိကာ ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ရသူ ၈၆၀ ဦးရှိတယ်လို့ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly