ကိုဗစ်-၁၉ ကန့်သတ်ချက်သစ်တွေ ‘ကျိန်းသေပေါက်’ ချမှတ်ရန် ကြံဆောင်နေကြောင်း ဂျိုးဘိုင်ဒင် ပြော 

ကိုဗစ်-၁၉ ကန့်သတ်ချက်သစ်တွေ ‘ကျိန်းသေပေါက်’ ချမှတ်ရန် ကြံဆောင်နေကြောင်း ဂျိုးဘိုင်ဒင် ပြော 
Photo - AFP

ဇူလိုင် ၃၁

ကိုဗစ်-၁၉ တစ်ကျော့ပြန် ကူးစက်မှု မြင့်တက်တာကို တုံ့ပြန်ဖို့အတွက် အမေရိကန်နိုင်ငံတွင်းမှာ လမ်းညွှန်ကြားချက်နဲ့ ကန့်သတ်ချက်သစ်တွေကို ‘ကျိန်းသေပေါက်’ ချမှတ်ရလိမ့်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က သောကြာနေ့မှာ ပြောပါတယ်။ 

ကျန်းမာရေး အာဏာပိုင်တွေထံက အကြံပြုချက်သစ်တွေ ဒါမှမဟုတ် ကန့်သတ်လုပ်ငန်းစဉ်သစ်တွေ ရှိလာမလားဆိုပြီး မေးမြန်းတဲ့အပေါ်မှာ ဂျိုးဘိုင်ဒင်က ပြန်လည်ဖြေကြားခဲ့တာပါ။ စနေ၊ တနင်္ဂနွေအတွက် ရဟတ်ယာဉ်နဲ့ အိမ်ဖြူတော်ကနေ မထွက်ခွာခင်မှာ အထက်က မေးခွန်းကို ‘ကျိန်းသေတာပေါ့’ ဆိုပြီး တုံ့ပြန်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ 

ဘယ်လို လုပ်ငန်းစဉ်အဆင့်တွေ ဖော်ဆောင်မလဲဆိုတာကိုတော့ သူက သတ်သတ်မှတ်မှတ် မပြောဆိုပါ။ 

ကူးစက်မှု ပိုမြန်တဲ့ Delta ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှု ထိုးတက်တာနဲ့ ရင်ဆိုင်လာရတာကြောင့် မကြာသေးတဲ့ ရက်တွေမှာ အမေရိကန် ဗဟိုအစိုးရတာဝန်ရှိသူတွေ၊ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ကျန်းမာရေးလုပ်ထုံးလုပ်နည်းတွေကို အားပေးအားမြှောက်ပြုလျက် ရှိနေပါတယ်။ 

ဒါပေမဲ့ ကာကွယ်ဆေး ထိုးနှံတဲ့ ကာလအတွင်း ကြာသပတေးနေ့မှာ နိုင်ငံဟာ ‘နေ့ရက်ကောင်း’ ဖြစ်ခဲ့တယ်ဆိုပြီး ဂျိုးဘိုင်ဒင်က ဖြည့်စွက်ပြောပါတယ်။ 

သူ့ အစိုးရအနေနဲ့ လေးဖင့်နေတဲ့ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းစဉ် ပြန်လည်အားကောင်းလာဖို့ လုပ်ကိုင်ဆောင်ရွက်နေရချိန်မှာ ဂျိုးဘိုင်ဒင်က “အဲဒီ ကြာသပတေးနေ့မှာ ပြည်သူ တစ်သန်းလောက် ကာကွယ်ဆေး ထိုးနှံခဲ့ကြတာ ဖြစ်တယ်”လို့ ပြောပါတယ်။ 

“ကာကွယ်ဆေးဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ ပြည်သူတွေ နားလည်လာကြပြီလို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ သူက ပြောပါတယ်။ 

ကာကွယ်ဆေး အထိုးခံပြီးတဲ့ ပြည်သူတွေအနေနဲ့လည်း ကူးစက်မှုနှုန်း မြင့်မားတဲ့ ဧရိယာတွေမှာ အဆောက်အအုံ အတွင်းခန်းတွေမှာလည်း နှာခေါင်းစည်း တပ်ဆင်တာကို ပြန်ပြီး လိုက်နာကျင့်သုံးရလိမ့်မယ်လို့ အမေရိကန်ကျန်းမာရေးအာဏာပိုင်တွေက ဒီ သီတင်းပတ်အတွင်းမှာ အကြံပြုထားပါတယ်။ 

ဗဟိုအစိုးရဟာ သူ့ ဝန်ထမ်း သန်းပေါင်းများစွာအတွက် ကျန်းမာရေးစည်းမျဉ်းသစ်တွေလည်း ချမှတ်ထားပြီး ကူးစက်မှု နည်းပါးတဲ့ ဧရိယာပဲ ဖြစ်ပါစေ ဝန်ထမ်းတွေအနေနဲ့ ကာကွယ်ဆေး ထိုးနှံခံပြီး နှာခေါင်းစည်းလည်း တပ်ဆင်ရမှာ ဖြစ်သလို ပုံမှန် စမ်းသပ်စစ်ဆေးခံရမှာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly