နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၀ ဇူလိုင် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၀ ဇူလိုင် ၂၀၂၁)
ပုံ - ဇူလိုင် ၃၀ရက် ညနေပိုင်းက လူငယ်တွေစုပေါင်းပြုလုပ်တဲ့ တာမွေသပိတ်စစ်ကြောင်း

 ရန်ကုန်တိုင်းဒေသကြီး

·       ရန်ကုန်၊ ကျောက်မြောင်းတွင် ယနေ့ ဇူလိုင်လ ၃၀ ရက် ညနေပိုင်းတွင် ပြုလုပ်သည့် တကသနှင့် မြို့နယ်သပိတ် အဖွဲ့ ပူးပေါင်းထားသည့် ပြောက်ကျားသပိတ်ကို အကြမ်းဖက်အရပ်ဝတ် လက်နက်ကိုင် များက ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

·       ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်း၊ ရုံးသစ်မှတ်တိုင်မှာ ဘက်(စ်)ကား စောင့်နေသည့် အမျိုးသား(၃)ဦးကို အရပ်ဝတ်လက်နက်ကိုင်များမှ ဆိုင်ကယ်(၄)စီးဖြင့် ယနေ့မနက်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

·       ရန်ကုန်လှိုင်သာယာတွင် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ချီတက် သပိတ်မှောက်ကြသည်။

မန္တလေးတိုင်းဒေသကြီး

·       မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ဇူလိုင်လ ၂၉ရက်နေ့ ညပိုင်းက နေ့စဉ်ပြုလုပ် နေကျ ဖြစ်သော ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက် ကိုယ်ကျောင်းပေါက် ကိုယ်မ ပိုင်သော ရဟန်းတော်များကမေတ္တသုတ် မောရသုတ်ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ညသပိတ်ပြုလုပ် ခဲ့ကြောင်း သိရသည်။

·       မန္တလေး မြတောင်ကျောင်းတိုက်ကို ဇူလိုင်လ ၂၉ရက်နေ့ ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ အရပ်ဝတ်များဖြင့် လက်နက်ကိုင်ဆောင်ဝိုင်းထားပြီးနောက် ကိုဗစ်ဖြစ်ပွားနေသော ဆရာတော် ၁ပါး အောက်စီဂျင်ကျကာ ကွယ်လွန်သွားပြီး ဆရာတော် ၂ပါးနှင့် ကျောင်းသား ၂ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားကြောင်း မန္တလေး သပိတ်စစ်ကြောင်း သိရသည်။

·       အကြမ်းဖက် စစ်တပ် မန္တလေးတွင် ရမ်းကားနေသော်လည်း ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ဇူလိုင်လ ၂၉ရက် ညပိုင်းတွင် အသံမတိတ်အလံမလိပ် ပြည်/ခွန်ည သပိတ် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

·       မန္တလေးမြို့တွင် ကိုဗစ်တတိယလှိုင်း ထိန်းချုပ်မည့် အစီအစဉ်အကြောင်းပြကာ အပြင်ထွက်သူများကို ဖမ်းဆီး ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့သူအချို့က ပြောသည်။

·       မန္တလေးမြို့က ဆန္ဒပြပွဲတွေကို ဒီရက်ပိုင်း စစ်ကောင်စီနှင့် လက်ပါးစေ ပျူစောထီးများက လိုက်လံ ပစ်ခေတ် နှိမ်နင်းမှုများရှိသော်လည်း အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းက နေ့စဉ် အလံမလဲဘဲ အာဏာရှင်အမြစ်ပြတ်ပြုကျရေးအတွက် ဆက်လက်ချီတက်လျက်ရှိနေသည်။

·       မန်းလေး မဟာမိတ်သပိတ်စစ်ကြောင်းသည် ယနေ့ ဇူလိုင် ၃၀ ရက်နေ့ နံနက်ပိုင်း စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် သပိတ်မှောက်ကြသည်။

·       မန္တလေးတွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး " သံတိုင်ကြားက ကြွေးကြော်သံ တော်လှန်ရေးရဲ့ အားမာန်" မန္တလေး လူငယ်များ သပိတ်စစ်ကြောင်းဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       "လဲကျခဲ့ရင်တောင် အမှန်တရားအတွက် ငါတို့ပြန်ထမယ်" "တိုက်ပိတ်လိုက်လို့ ငြိမ်သွားမယ့်ထဲမှာ အမှန်တရားမပါဘူး" ဟု ကြွေးကြော်ကာ ဇူလိုင်လ ၃၀ ရက် မွန်းလွဲပိုင်းတွင် မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်းချီတက်ပြီး စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်ဆန္ဒပြကြသည်။

·       မန္တလေးတွင် အင်ဂျင်နီယာများအဖွဲ့ သပိတ်စစ်ကြောင်း ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး        

·       စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇူလိုင်လ၂၉ ရက်နေ့ ညနေပိုင်းက အကြမ်းဖက် လူသတ် စစ်ကောင်စီ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကျောင်းသားပြည်သူများသည် ဇူလိုင်လ ၃၀ ရက် နံနက်တွင် ယုံကြည်ချက် ကြောင့် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ရပ်တည်ကြောင်း "တိုက်ပိတ်လို့ ငြိမ်သက် သွားမယ့်အထဲမှာ အမှန်တရားမပါဘူး၊ သံတိုင်ကြားက ကြွေးကြော်သံ တော်လှန်ရေးရဲ့အားမာန်" စာတမ်းများကိုင်ဆောင်ကာ စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်ဆန္ဒပြကြသည်။

·       စစ်ကိုင်းတိုင်း‌‌‌‌၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးတွေ ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထား နုတ်ထွက်ကြရန် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ဇူလိုင် ၂၉ ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် သတိပေးလိုက်သည်။

·       စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်၊ နားမော်ကျေးရွာအုပ်စုနေ ၊ မာန်ဟုန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဇူလိုင် ၂၈ ည ၈ နာရီဝန်းကျင်က နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခံရကြောင်း သိရသည်။

·       မုံရွာပင်မသပိတ်စစ်ကြောင်း သည် အခက်အခဲများကြားမှ မုံရွာမြို့ပြည်ထောင်စုလမ်းမကြီးပေါ်ရှိမီးပွိုင့် တစ်ခု၌စုဝေးကာ အာရုဏ်ဦး သပိတ်စစ်ကြောင်းအဖြစ် စစ်အာဏာရှင် ဖြုတ်ချရေး ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း ချီတက်သပိတ်မှောက်ကြသည်။

·       ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာမှ ပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

·       ခန္တီးမြို့ ခလရ (၅၂)မှ တပ်ကြပ်ကြီး/စာရေး တစ်ဦးသည် CDM - Civil Disobedience Movement တွင် ပူးပေါင်းပါဝင်လာသည်ဟု ဒေသခံ အရပ်ဘက်အရေးဆောင်ရွက်နေသူများကပြောသည်။

·       မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာများ စုပေါင်းပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆိုင်ကယ်များဖြင့် အင်အားပြည့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး

·       ထားဝယ်မြို့ပေါ်တွင် ယနေ့ ဇူလိုင်လ ၃ဝရက်နေ့က ထားဝယ်ပင်မစစ်ကြောင်းနှင့် ကျောင်းသား/လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး၌ ပြည်သူများ ပါဝင်ရန် ဟောပြောမှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

·       အခြေခံလူတန်းစားများ အခက်အခက်ပေါင်းများစွာ ကြုံတွေ့နေရချိန်တွင် ကုန်စျေးနှုန်းမတရား မြှင့်တင် ရောင်းချနေကြသူများအား ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei) အဖွဲ့က သတိပေးကြေညာချက် ထုတ်ပြန်သည်။

ဧရာဝတီတိုင်းဒေသကြီး

·       ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ် စည်ပင်ရုံးနှင့် မကျီးပင်တန်းရဲကင်းကြားတွင် ဇူလိုင်လ ၂၉ ရက်နေ့ည ၈ နာရီကျော် လောက် က ဗုံးဖောက်ခွဲခဲ့ကြောင်း ပုသိမ်မြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

·       ပုသိမ်မြို့အမှတ် ၉ ရပ်ကွက် ကုလားကုန်းကျေးရွာနေ ကျောင်းသားအရွယ်လူငယ်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးကို ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၀ နာရီခွဲအချိန်လောက်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အရပ်ဝတ်လက်နက်ကိုင်များက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်

·       အကြမ်းဖက်စစ်ကောင်စီတပ်နှင့်  KNLA တပ်မဟာ ၅ တို့ ဇူလိုင် ၂၉ ရက်နေ့က လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စု ဘောလေးဒဲ ဒေသတွင် နှစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ကြောင်း KNU ကထုတ်ပြန်သည်။

ကချင်ပြည်နယ်

·       ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့်ဝိုင်းမော်ဘက်တွင် ယဇူလိုင်လ ၂၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ ဆူညံနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

·       ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းစီးအောင်စစ်ဆေးရေးဂိတ်အနီး လွှဲကူးတောင်တွင် ဇူလိုင်လ ၃၀ ရက် ယနေ့နံနက် ၁၁ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကာ ကားတစ်စီး လမ်းဘေး လွင့်စင်ပျက်စီးပြီး စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရကြောင်း သိရသည်။

·       ကချင်ပြည်နယ်၊ မိုးကောင်းနှင့် ကာမိုင်းမြို့ကြားရှိ အကြမ်းဖက်စစ်ကောင်စီများ တပ်စွဲထားသော မရန်ကတောင် စစ်ဆေးရေးဂိတ်ကို ယနေ့ ဇူလိုင်လ ၃၀ ရက် နံနက် ၃ နာရီခန့်တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၂၊ တပ်ရင်း ၁၁ မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

·       ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်တွင် ယမန်နေ့ ည ၁၁ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားစဉ် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် စက်ရုံတစ်ခုအတွင်း လက်နက်ကြီးကျည်ဆန် ကျရောက်ကာ ကိုအောင်လီဆိုသော အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

·       အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး လုံးခင်း လူငယ်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃ဝ ရက်နေ့၌ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်

·       မင်းတပ်မြို့အတွင်း နေအိမ်တစ်လုံးမီးရှို့ခံရပြီး သားဖြစ်သူ မောင်ဖေခွီအွမ် သေနတ်ဖြင့်ပစ်သတ်ခံရပြီး ဖခင်ဖြစ်သူ ဦးဗွေဖေ လည်ပင်းဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်မှာ မိမိတို့အဖွဲ့နှင့် မသက်ဆိုင်ဟု CDF –Mindat အဖွဲ့မှ ဇူလိုင်လ ၃၀ရက်မှာ သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

ရှမ်းပြည်နယ်

·       PNO အဖွဲ့သည် စစ်ကောင်စီအလိုကျ ဒေသခံများကို ဥပဒေမဲ့ဖမ်းဆီးတာ၊ ပြည်သူပိုင် မြေယာတွေကို သိမ်းတာတွေ လုပ်နေကြောင်း ဒေသခံများဆီမှ တိုင်တန်းချက်တွေရနေသည့် အတွက် ပအိုဝ်းအမျိုးသား ကာကွယ်ရေးအဖွဲ့ (PNDF) က PNO ကို ဇူလိုင် ၂၉ ရက်နေ့က သတိပေးစာပေးပို့လိုက်ကြောင်း သိရသည်။

ဇူလိုင် ၃၀ သုံးသပ်ချက်

·       စစ်ကိုင်းတိုင်းဒေသကြီးတွင်ဆန္ဒပြမှုများ အားကောင်းသလို ဒေသခံများ၏ လက်နက်ကိုင် တော်လှန်ရေးသည်လည်း အား ကောင်းနေသည်။ယခုရက်ပိုင်းအတွင်း ယင်းဒေသတွင် ပဋိက္ခများ ပိုမိုဖြစ်ပွားလာနိုင်ချေရှိနေသည်။

·       မန္တလေး ဆန္ဒပြသပိတ်များကို စစ်ကောင်စီက ဖြိုခွင်းရန် နည်းမျိုးစုံဖြင့် လှုပ်ရှားနေသည်ကို တွေ့ရသည်။ယမန်နေ့ကလည်း မြတောင်ကျောင်းတိုင်ကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သည်။ ယင်းကဲ့သို့ အခြေအနေရှိနေသော်လည်း စစ်အကြမ်းဖက်အုပ်စုကို မန္တလေးအခြေစိုက် သံဃာများက ဆန့်ကျင် ဆန္ဒပြနေဆဲဖြစ်သည်။သပိတ်ပေါင်းစုံ၏ ဆန္ဒပြမှုများလည်း နေ့စဉ်မပြတ်ရှိနေသည်။

·       တနင်္သာရီတိုင်း ထားဝယ်ခရိုင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများ အားကောင်းနေ ဆဲဖြစ်သည်။အကြမ်းသမားများမှ နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော်လည်း ရသည့်နည်းလမ်းများဖြင့် ဆန့်ကျင်ဆန္ဒပြနေကြသည်။ကျန်ပြည်နယ်နှင့်တိုင်းများမှာတော့ ဆန္ဒပြမှုမရှိသလောက် နည်းပါးနေပြီး ကိုဗစ်နှင့် ရေဘေးကို ရင်ဆိုင်နေရပြီး အကူအညီများ လိုအပ်နေသည်။

·       ကချင်ပြည်နယ်တွင် တော်လှန်ရေး အင်အားစုများ၏ စစ်ရေးလှုပ်ရှားမှုများရှိနေသလို အကြမ်းဖက်စစ်အုပ်စုကလည်း အင်အားဖြည့်တင်းမှုများရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly