တရုတ်ဆိုက်ဘာတိုက်ခိုက်မှု ခံရသည့် လုပ်ငန်းများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများကိုလည်း အမေရိကန် ထည့်သွင်း

By scmp.com
30 July 2021
တရုတ်ဆိုက်ဘာတိုက်ခိုက်မှု ခံရသည့် လုပ်ငန်းများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများကိုလည်း အမေရိကန် ထည့်သွင်း

တရုတ်အစိုးရက ပံ့ပိုးထားသည့် ဆိုက်ဘာတိုက်ခိုက်သူများက အမေရိကန်၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီများကို လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ပစ်မှတ်ထားခဲ့ကြောင်း သမ္မတဂျိုးဘိုင်ဒင်အစိုးရက ထုတ်ပြန်သောစုံစမ်းစစ်ဆေးမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာတွင် ၂၀၁၁ ခုနှစ်က သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ ၂၃ ခုသို့ လိမ်ညာလှည့်စားရန် အထူးပစ်မှတ်ထား ကျူးကျော်ဝင်ရောက်ခြင်းများခံခဲ့ရပြီး ကုမ္ပဏီ ၁၃ ခုသည် ထိုးဖောက် တိုက်ခိုက် ခံခဲ့ရကာ ကုမ္ပဏီ၃ ခုသည် ကျူးကျော်ဝင်ရောက်ခံရလုနီးပါးဖြစ်ခဲ့သည်။

ကုမ္ပဏီ ၇ ခု သည် မည်သည့်အဆင့်အထိ ထိုးဖောက်ဝင်ရောက်ခံရသည်ကို မသိရှိခဲ့ကြောင်း ပြည်တွင်းလုံခြုံရေး ဌာန၏ ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံအဆောက်အအုံလုံခြုံရေးအေဂျင်စီ (CISA) ၏ သတိပေးချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဆိုက်ဘာတိုက်ခိုက်ခိုက်မှုများသည် အမေရိကန် ရေနံပိုက်လိုင်းများကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးစေရန် သို့မဟုတ် လုပ်ငန်းအနှောက်အယှက်ဖြစ်စေမည့် တရုတ်၏ ဆိုက်ဘာတိုက်ခိုက်မှု စွမ်းရည်ကို တိုးမြှင့်ရန် ပံ့ပိုးခြင်းဖြစ်ကြောင်း CISA နှင့် FBI က ပူးတွဲရေးသားသည့် ဆိုက်ဘာလုံခြုံရေးအကြံပေး ပူးတွဲအစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ် ဆိုက်ဘာတိုက်ခိုက်သူများ သည် ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှ စ၍ ရေနံနှင့် သဘာဝ ဓာတ်ငွေ့အဖွဲ့ အစည်းများ၏ ဝန်ထမ်းများထံသို့ ဖြားယောင်းသည့် အီးမေးလ်များကိုစတင်ပေးပို့ခဲ့သည်ဟု သတိပေးချက်တွင် ဖော်ပြထားသည်။။

အီးမေးလ် ပေးပို့ခံရသူများက အန္တရာယ်ရှိသည့် ဖိုင်များကို ဖွင့်ကြည့်စေရန် အီးမေးလ်များကို အဆင့်မြင့်မြင့်တည်ဆောက်ထားသည်ဟုလည်း စုံစမ်းစစ်ဆေးမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ပိုက်လိုင်းတည်ရှိရာနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မှုသတင်းများရရှိပြီးနောက် ၂၀၁၂ ခုနှစ် ဧပြီလတွင် စတင်စုံစမ်းစစ်ဆေးမှုများကို CISA နှင့် FBI တို့က ပြုလုပ်ခဲ့ပြီး စွမ်းအင်နှင့် အခြားအရေးပါသော အခြေခံ အဆောက်အဦကွန်ရက်များ၏ ပိုင်ရှင်များနှင့် သက်ဆိုင်သူများအနေဖြင့် အဆင့်မြင့်သည့် ဆိုက်ဘာလုံခြုံရေး ကာကွယ်ရေးစနစ်ကိုကျင့်သုံးရန် တိုက်တွန်းခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly