အိန္ဒိယ၏ Reliance စက်မှုလုပ်ငန်းစုက အစိမ်းရောင်စွမ်းအင် စီမံကိန်းအတွက် ဒေါ်လာ ၁၀ ဘီလျံ သုံးစွဲမည်

အိန္ဒိယ၏ Reliance စက်မှုလုပ်ငန်းစုက အစိမ်းရောင်စွမ်းအင် စီမံကိန်းအတွက် ဒေါ်လာ ၁၀ ဘီလျံ သုံးစွဲမည်

အိန္ဒိယနိုင်ငံတွင် ရေနံမှ ဆက်သွယ်ရေး လုပ်ငန်းများအထိ လုပ်ကိုင်သည့် Reliance Industries စက်မှုလုပ်ငန်းစုက လာမည့် ၃ နှစ်အတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ သုံးစွဲမည့်အစီအစဉ်အား ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။

အစုရှယ်ယာရှင်မျာနှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံရာတွင် Reliance ကုမ္ပဏီ၏ ဥက္ကဌနှင့် အာရှ၏ အချမ်းသာဆုံးဖြစ်သူ မူကက်ရှ်အာဘန်နီက လုပ်ငန်းအစီအစဉ်သစ်သည် အိန္ဒိယနှင့် ကမ္ဘာ့နိုင်ငံများအကြား ကွာဟနေသည့် အစိမ်းရောင်စွမ်းအင်ကဏ္ဍကို ပေါင်းကူးဆောင်ရွက်ပေးမည်ဟု ပြောကြားသည်။

အာရှတွင် တတိယအကြီးဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံသည် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုမှုလျှော့ချနိုင်ရန် ကြိုးစားရုန်းကန်နေရသည်။

ကုမ္ပဏီသည် ရေနံနှင့် ရေနံဓာတု လုပ်ငန်းများမှ ဘီလျံပေါင်းများစွာ ဝင်ငွေ ရရှိနေသော်လည်း ပြီးခဲ့သည့် နှစ်များအတွင်း ဆက်သွယ်ရေးနှင့် လက်လီလုပ်ငန်းများတွင်လည်း တိုးချဲ့လုပ်ကိုင်လာခဲ့သည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍအတွက် အစိတ်အပိုင်းတစ်ရပ်အဖြစ် ကုမ္ပဏီသည် နိုင်ငံအနောက်ပိုင်း ဂျူဂျာရက် ပြည်နယ်တွင် ဧက ၅၀၀၀ အကျယ်အဝန်းရှိထုတ်လုပ်ရေး စက်ရုံစတင် တည်ဆောက်ခဲ့ကြောင်း အာဘန်နီက ပြောကြားသည်။

ယင်းစီမံကိန်းမှ ထုတ်လုပ်မည့် နေရောင်ခြည်စွမ်းအင်နှင့် အစိမ်းရောင်ဟိုက်ဒရိုဂျင်တို့သည် ဂူဂျာရက်နှင့် အိန္ဒိယတို့အား ကမ္ဘာ့ပေါ်တွင် ယင်းစွမ်းအင်ရင်းမြစ်များ အသုံးပြုသည့် နိုင်ငံစာရင်းဝင်သွားမည်ဖြစ်သည်။

“ကျွန်တော်တို့ နိုင်ငံဟာ ရုပ်ကြွင်းစွမ်းအင် တင်သွင်းတဲ့ နိုင်ငံကနေ သန့်ရှင်းတဲ့ နေရောင်ခြည်စွမ်းအင် အများအပြားကို တင်ပို့တဲ့ နိုင်ငံဖြစ်လာတာကို မြင်ယောင်မိပါတယ်” ဟု အာဘန်နီက ပြောကြားသည်။

Reliance ကုမ္ပဏီသည် ၂၀၃၀ ပြည့်နှစ်မတိုင်မီ နေရောင်ခြည်စွမ်းအင် ၁၀၀ ဂစ်ဂါဝပ်အထိ ထုပ်လုပ်နိုင်ရန် ရည်မှန်းထားရာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ရည်ရွယ်ထားသည့် ဂစ်ဂါဝပ် ၄၅၀ ၏ ၄ပုံ ၁ပုံ နီးပါးဖြစ်သည်။

Reliance သည် ဂူဂျာရက်ပြည်နယ်တွင် ကမ္ဘာ့အကြီးဆုံး ရေနံသန့်စင်စက်ရုံကို တည်ဆောက်ထားကာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁၈၇ ဘီလျံ ရရှိထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly