ပါကစ္စတန်တွင် တရုတ်နိုင်ငံသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

By Indiatoday
30 July 2021
ပါကစ္စတန်တွင် တရုတ်နိုင်ငံသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ပါကစ္စတန်နိုင်ငံတွင် တရုတ် အင်ဂျင်နီယာများစီးနင်းလာသည့် ဘတ်စ်ကားကို လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ရက်ပိုင်းအတွင်းမှာပင် ကရာချိမြို့၌ ဇူလိုင်လ ၂၈ရက်က တရုတ်နိုင်ငံသားနှစ်ဦးအား မော်တော်ဆိုင်ကယ် စီးလာ သူများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတို့နှစ်ဦးစလုံးကို အဆိုပါမြို့ရှိ အရပ်ဘက် ဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့ရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက ဖြစ်စဉ်နှစ်ခု သီးခြားဖြစ်ကြောင်း ပြောကြားသည်။

“ပါကစ္စတန်မှာရှိတဲ့ တရုတ်နိုင်ငံသားများရဲ့ ပိုင်ဆိုင်မှုတွေကို အစိုးရက အကာအကွယ်ပေးမှုအပေါ် မိမိတို့ အပြည့်အဝ ယုံကြည်မှုရှိပါတယ်” ဟု ၎င်း၏ ပြောကြားချက်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ဇူလိုင်လ ၁၄ ရက်က ခိုင်ဘာပတ်ခ်တွန်ခါဝါပြည်နယ်၊ အထက်ကိုဟစ္စတန်မြို့ ရှိ ဒါစု ဆည်တည်ဆောက် ရေးလုပ်ငန်းခွင့်သို့ တရုတ်အင်ဂျင်နီယာများကို သယ်ဆောင်လာသည့် ဘတ်စ်ကားပေါ်တွင် လက်လုပ်ဗုံးဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီး နှစ်ပတ်အကြာ၌ ယခု ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗုံးဖြင့် တိုက်ခိုက်မှုအတွင်း တရုတ်နိုင်ငံသား ၉ ဦး အပါအဝင် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ရသည်။

၂၀၂၁ခုနှစ် ဧပြီလအတွင်းကလည်း ပါကစ္စတန်အနောက်တောင်ပိုင်း ကွာတာမြို့ရှိ တရုတ် သံအမတ်ကြီးတည်းခိုသည့် ထိပ်တန်းဟိုတယ်တစ်ခုတွင် ဗုံးပေါက်ကွဲခဲ့ပြီး ၄ ဦး သေဆုံးခဲ့သည်။

၂၀၁၉ ခုနှစ်တွင် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ၏ အထင်ကရ စီမံကိန်းတစ်ခုဖြစ်ပြီး တရုတ်မှ အာရေဗျ ပင်လယ်သို့ မဟာဗျူဟာမြောက်ဆက်သွယ်ခွင့်ပြုမည့် ဂွါဒါဆိပ်ကမ်းမြို့ရှိ ရေနက်ဆိပ်ကမ်းကို အပေါ်စီးမှနေ၍ မြင်ရသည့် ဇိမ်ခံဟိုတယ်တစ်ခုအား သေနတ်သမားများက ဝင်ရောက်စီးနင်းခဲ့ရာ အနည်းဆုံး၈ ဦးသေဆုံးခဲ့ရသည်။

တရုတ်သည် ပါကစ္စတန်၏ အနီးကပ် မဟာမိတ်နှင့် အဓိကရင်းနှီးမြှုပ်နှံသူဖြစ်ပြီး အင်အား ၁၅၀ဝ ခန့် စီရှိသော အထူးလုံခြုံရေးတပ်ခွဲ(SSDs) ၂ ခွဲ ဖြစ်သော အမှတ် ၃၄ နှင့် ၄၄ ခြေလျင်တပ်ခွဲများ ဖွဲ့စည်းရန်၊ လေ့ကျင့်ရန်နှင့် လက်နက်တပ်ဆင်ရန်အတွက် ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly