မန္တလေးတွင် ကိုဗစ်ထိန်းချုပ်ရေးအကြောင်းပြကာ စစ်ကောင်စီအဖွဲ့တွေက အပြင်ထွက်သူများအား တားဆီး ငွေတောင်းနေ

မန္တလေးတွင် ကိုဗစ်ထိန်းချုပ်ရေးအကြောင်းပြကာ စစ်ကောင်စီအဖွဲ့တွေက အပြင်ထွက်သူများအား တားဆီး ငွေတောင်းနေ

ဇူလိုင် ၃၀

မန္တလေးမြို့တွင် ကိုဗစ်တတိယလှိုင်း ထိန်းချုပ်မည့် အစီအစဉ်အကြောင်းပြကာ အပြင်ထွက်သူများကို ဖမ်းဆီး ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့သူအချို့က ပြောသည်။

မန္တလေးတွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း အပြင်ထွက်ပါက ဒဏ်ငွေ ၅၀၀၀ ဆောင်ရမည်ဆိုသည့် ညွှန်ကြားချက်ကို တစ်ရက်အတွင်း ပြန်လည်ရုတ်သိမ်းခဲ့သော်လည်း ဒဏ်ရိုက်ကာ ငွေကြေးတောင်းခံမှုများက ဆက်လုပ်နေခြင်းဖြစ်သည်။

“တောင်းပန်လို့လည်းမရဘူး။ နယ်ကျော်ကတ်ထုတ်ပြတာလည်း မရ။ အောက်စီဂျင်အရေးကြီးလို့ပါ ဆိုတာကို အရေးကြီးရင် ဒဏ်ငွေဆောင်သွားဆိုပြီး ၅၀၀၀ တောင်းတယ်” ဟု အောင်မြေသာစံမြို့နယ်အတွင်း ရှုခင်းသာပန်းခြံအနီး ဒဏ်ငွေဆောင်ခဲ့ရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ကိုယ်တိုင်ကြုံတွေ့ခဲ့သူ နောက်တစ်ဦးကလည်း “Mak လည်းပါတယ်။ ကတ်လည်းပါတယ်။ မနက်က ထိခဲ့ပြီး။ ၉ နာရီကျော်လို့ဆိုပြီးဖမ်းတာ” ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက် သက်ဆိုင်ရာမြို့နယ်အလိုက် စီမံခန့်ခွဲရေးအဖွဲ့တွေက အဆိုပါ ကြေငြာချက်ကို ဇူလိုင် ၂၅ရက် နံနက်ပိုင်းက ထုတ်ပြန်ခဲ့ပြီး ကြေငြာချက် ရုတ်သိမ်းကြောင်း ထိုရက်တွင်ပင် မဇ္ဈိမအပါအဝင် မီဒီယာအချို့ကို ဖြေကြားခဲ့ခြင်းဖြစ်သည်။  

မန္တလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက “အားလုံးတစ်ပြေးညီပဲ ပုံမှန်ဖြစ်သွားပြီ။ ပုံမှန် stay at home အတိုင်းပါပဲ။ ည ၁၀နာရီကနေ ၄နာရီအထိ ကာဗျူးအတိုင်းပဲ သွားမှာပေါ့။”ဟု ဇူလိုင် ၂၅ရက် နေ့လည်ပိုင်းက ပြောခဲ့ခြင်းဖြစ်သည်။

မြေပြင်အခြေအနေမှာမူ မန္တလေးမြို့ နေရာအနှံ့တွင် စစ်သားများ၊ မီးသတ်များ နှင့် အုပ်ချုပ်ရေးအဖွဲ့များက ပိတ်ဆို့ကာ တားဆီးပြီး ဒဏ်ရိုက်မှုများ ပြုလုပ်လျက်ရှိသည်။

“Mask တပ်ရင် (၂) ထောင် မတပ်ရင် (၁) သောင်း။ နယ်ကျော်ကဒ်ပါရင် (၅) ထောင် မပါရင် (၁) သောင်းခွဲ။” ဟု Burma News Network ဆိုသည့် page မှာ ဇူလိုင် ၂၈ရက် ရက်စွဲဖြင့် ဒီကနေ့ ပေါက်စျေးများဟုဆိုကာ တားဆီးစစ်ဆေးနေသည့် ပုံနှင့်အတူ ၎င်းတို့ page တွင် တင်ထားသည်။

မန္တလေးတွင် Online မှ စားစရာများ ရောင်းချနေတဲ့ မအိကလည်း “အမ Deli မနေ့က ညနေက ကားဝင်းဘက်သွားရင်း အဖမ်းခံလိုက်ရတယ်လေ။ ဒဏ်ငွေဆောင်လိုက်ရတယ်” ဟု ပြောသည်။

မဇ္ဈိမက စုံစမ်းရရှိသလောက် မန္တလေး အောင်မြေသာစံကမ်းနားလမ်းရှိ ရှုခင်းသာပန်းခြံရှေ့၊ အိမ်တော်ရာဘုရားအနီး (ယနေ့မတွေ့ရှိ)၊ ၆၉လမ်းနှင့် သိပ္ပံလမ်းထောင့်၊ အောင်မြေသာစံ နန်းရှေ့ ၁၉လမ်း သံလမ်းအနီး၊ မြို့အဝင် ထုံးဘိုလမ်းခွဲအနီး၊ ၇၈လမ်း၊ ၃၉ လမ်းနဲ့ လမ်း ၄၀ကြားတို့တွင် စစ်ဆေးမှုများ နေ့စဉ်လိုလိုရှိနေပြီး ဒဏ်ကြေးတောင်းခံလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly