ငလျင်ဗဟိုချက်နှင့် ၅၄ မိုင်ကွာဝေးတဲ့ သဖန်းဆိပ်ဆည် ထိခိုက်မှုမရှိဟု ဆည်တာဝန်ခံ ရှင်းလင်း

ငလျင်ဗဟိုချက်နှင့် ၅၄ မိုင်ကွာဝေးတဲ့ သဖန်းဆိပ်ဆည် ထိခိုက်မှုမရှိဟု ဆည်တာဝန်ခံ ရှင်းလင်း

ဇူလိုင် ၃၀

သပိတ်ကျင်းငလျင်ကြောင့် မြန်မာနိုင်ငံတွင် အကြီးဆုံးသဖန်းဆိပ်ဆည် ထိခိုက်မှုမရှိကြောင်းဆည်တာဝန်ခံတစ်ဦးက ရှင်းလင်းအသိပေး ထားသည်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့ကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၆ဒဿမ၃ အဆင့်ရှိအင်အားပြင်း ငလျင် လှုပ်ခဲ့သောကြောင့် သဖန်းဆိပ် ဆည်၏ ကြံ့ခိုင်မှုကို စစ်ဆေးခဲ့သည်ဟုအထက်ပါ ဆည်တာဝန်ခံက ရှင်းပြထားသည်။

" သဖန်းဆိပ်ရေလှောင်တမံတွင် တာဝန်ရှိသူအဆင့်ဆင့်မှ တမံနှင့်ဆက်စပ်အဆောက်အအုံများအား မျက်မြင်စစ်ဆေးရာ ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ မရှိပါကြောင်း အသိပေးအပ်ပါသည်" ဟု သူက ဆိုသည်။

ငလျင်ဗဟိုချက်နှင့် ၅၄ မိုင်ခန့်သာ ကွာဝေး၍ ဆည်၏ ကြံ့ခိုင်မှုကိုစစ်ဆေးခဲ့ခြင်းလည်းဖြစ်သည်။ သဖန်းဆိပ်ဆည်သည် အရှေ့တောင်အာရှ၏ အကြီးဆုံးဆည် ဖြစ်ပြီး အမြင့် ၁၀၈ ပေ၊ တမံအလျား ၂၂၅၈၇ ပေ၊ ကန်ရေအပြည့်သိုလှောင်နိုင်သည့်ပမာဏ ၂၈၈၀၀၀၀ ဧကပေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု ပမာဏ ၃၀ မဂ္ဂါဝပ် ဖြစ်သည်။

လက်ရှိတွင် သဖန်းဆိပ်ဆည်မှ ရေးပေးဝေ ဧကပေါင်း ရှစ်သိန်းရှိနေပြီး ကန့်ဘလူ၊ ရွှေဘို၊ ရေဦး၊ ခင်ဦး၊ ဝက်လက်၊ တန့်ဆည်၊ ၊ ဒီပဲယင်း၊ အရာတော်၊ ဘုတလင်၊ စစ်ကိုင်း အပါအဝင် မြို့နယ် ၁၀ မြို့နယ်ကို ရေးပေးဝေနေပြီး  ရေလှောင်တမံကို ၁၉၉၆ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။

ငလျင်သည် သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် ( ၅ ) မိုင်ခန့်အကွာတွင် မြေ အနက် ( ၁၀ ) ကီလိုမီတာကိုဗဟိုပြု၍ ဇူလိုင် ၂၉ ရက်ညနေက လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်ကြောင့် သပိတ်ကျင်းမြို့မှ နေအိမ်အချို့ ထိခိုက်မှုရှိခဲ့သော်လည်း ပျက်စီးမှုအသေးစိတ်အခြေအနေကို မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly