ပုဒ်မ ၁၂၄(က)ဖြင့် စွဲချက်တင်အမိန့်ချမှတ် ထားသည့်အပေါ် ပြင်ဆင်ချက် ဆက်မတက်ရန် ဦးဝင်းထိန်ညွှန်ကြား

ပုဒ်မ ၁၂၄(က)ဖြင့် စွဲချက်တင်အမိန့်ချမှတ် ထားသည့်အပေါ် ပြင်ဆင်ချက် ဆက်မတက်ရန် ဦးဝင်းထိန်ညွှန်ကြား

ဇူလိုင် ၂၉

နိုင်ငံတော်အကြည်ညိုပျက်စီးစေမှု ဥပဒေပုဒ်မ ၁၂၄(က)ဖြင့် စွဲချက်တင်အမိန့်ချမှတ်ခံထားရသည့်အပေါ် အထက်တရားရုံးသို့ ပြင်ဆင်ချက် ဆက်မတက်ရန် ဦးဝင်းထိန်က ညွှန်ကြားထားကြောင်း သူ၏ ရှေ့နေ ဒေါ်မင်းမင်းစိုးအပြောအရ သိရသည်။

အသက် ၈၀ အရွယ် NLD ပါတီ၏ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်အပေါ် စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က) ဖြင့် တရားစွဲဆိုထားရာ ၊ ပြီးခဲ့သော ဇူလိုင် ၁၇ ရက် ရုံးချိန်းတွင်  နေပြည်တော် အကျဉ်းထောင်အနီးရှိ သီးသန့် တရားရုံးက စွဲချက်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ ပြင်ဆင်ချက် လုံးဝမတက်ဘူး။ သူတို့ ချချင်ရင် ချမှာပဲ။ ကိုယ်လည်း ကိုယ့်ဘက်က လုပ်စရာရှိတာ လုပ်ထားရမှာဘဲ” လို့ ဦးဝင်းထိန်ပြောသည့် စကားကို သူ၏ရှေ့နေက ပြန်လည်ပြောပြခြင်းဖြစ်သည်။

“ ဘဘ ရုံးချိန်းက ဇူလိုင် ၃၀ ရက်မှာ ချိန်းထားတော့ ရုံးပိတ်ရက်တွေနဲ့ တိုက်နေတယ်။ ပြန်ဖွင့်ရင် ရုံးချိန်းကို ဘယ်နေ့ပြန်ချိန်းမလဲမသိသေးဘူး။ နောက်ဆုံး ရုံးချိန်းအထိတော့ ဘဘကျန်းမာရေးကောင်းနေပါတယ်။ ပုံမှန်ဓာတ်ဆားရေသောက်ဖြစ်တယ်ပြောတယ်။ ပေါင်ချိန် ကတော့ ကျသွားတယ်။ အရင် ၁၉၀ လောက်ကနေ အခုဆို ၁၆၀ လောက်အထိ ကျသွားတယ်” ဟု ဒေါ်မင်းမင်းစိုးက မဇ္ဈိမကို ပြောသည်။

စွဲချက်တင်အမိန့်ချသည့် တရားခွင်တွင် ဦးဝင်းထိန်အား တရားသူကြီးက အပြစ်ရှိ/မရှိ မေးမြန်းရာ ဦးဝင်းထိန်က မိမိအနေဖြင့် အပြစ်မရှိကြောင်း၊ နိုင်ငံတော်အာဏာကို ဒီမိုကရေစီနည်းလမ်းကျကျ ရွေးချယ်တင်မြှောက်ခံထားရသော ပါတီတစ်ခု၏ သဘာပတိတစ်ဦးအနေဖြင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေအပေါ် တာဝန်ရှိသည်ဟုယူဆသဖြင့် ပြောသင့်ပြောထိုက်သောစကားကိုပြောကာ မဲဆန္ဒရှင်ပြည်သူများအတွက် ပါတီသဘောထားကို သိရှိစေရန်ထုတ်ပြန်ခဲ့သည့်အတွက် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သည်။

စစ်ကောင်စီ၏ သတ်မှတ်ထားသည့် ရုံးပိတ်ရက်များအလွန်တွင် ဦးဝင်းထိန် ရုံးချိန်းကို ပြန်လည်ပြုလုပ်သွား မည်ဖြစ်ပြီး မည်သည့် ရက်ဆိုသည်ကိုမူ မသိရသေးချေ။ ယင်း ရုံးချိန်းတွင် စွပ်စွဲခံရသူ ဦးဝင်းထိန်ကို စတင်စစ်ဆေးသွားတော့မည်ဖြစ်ကြောင်းနှင့် ဦးဝင်းထိန်ဘက်မှ တရားခံပြသက်သေ နှစ်ဦးကိုသာ တင်သွင်းထားရှိသည်ဟု ဆိုသည်။ 

စစ်ကောင်စီက အာဏာသိမ်းယူပြီး ၄ ရက်မြောက်တွင် ဥတ္တရသီရိခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အေးလူ ဆိုသူက တရားလုပ်ပြုလုပ်ကာ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၁၂၄ (က)သည် နှုတ်ဖြင့်သော်လည်းကောင်း စာဖြင့်သော်လည်းကောင်း အမှတ်အသား (သို့)ထင်ရှားသော အမှတ်အသားဖြစ်သော်လည်းကောင်း၊ ထို့အပြင် တခြားသော နည်းဖြင့် နုင်ငံတော်နှင့် နိုင်ငံတော်အစိုးရအဖွဲ့ဝင်များအပေါ်မုန်းတီးလာအောင်၊ မလေးမစားဖြစ်အောင်နှင့်ယင်းသို့ ဖြစ်စေရန်လှုံဆော်ခြင်း လှုံဆော်ရန်အားထုတ်ခြင်းတို့ကို ပြုလုပ်ပါက ပြစ်မှုထင်ရှားကြောင်း ပေါ်ပေါက်ပါက ထောင်ဒဏ်တစ်သက်တကျွန်းဖြစ်စေ၊ တစ်သက်တစ်ကျွန်းအောက် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့် အတူထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်သက်သက် ဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေ ပြဋ္ဌာန်းချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly