တူရကီမှာ တောမီးလောင်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး ရာကျော် ဒဏ်ရာရ

တူရကီမှာ တောမီးလောင်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး ရာကျော် ဒဏ်ရာရ
Photo - AFP

ဇူလိုင် ၂၉

တူရကီနိုင်ငံ တောင်ဘက် ကမ်းရိုးတန်းရှိ မြေထဲပင်လယ်အနီး အပန်းဖြေဒေသတစ်ခုမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကို မီးသတ်သမားတွေ ငြှိမ်းသတ်နေကြရပြီး အဆိုပါတောမီးကြောင့် ဇူလိုင် ၂၉ ရက်တွင် လူသုံးဦး သေဆုံးပြီး လူရာကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ခရီးသွားတွေ အလည်အပတ်များတဲ့ အန်တယ်ယာ မြို့ အရှေ့ဘက် နေရာလေးနေရာမှာ လောင်ကျွမ်းနေခဲ့တဲ့ သစ်တောမီးတွေဟာ ရှို့မီးကြောင့် စလောင်ခဲ့တာ ဖြစ်နိုင်တယ်ဆိုတဲ့ သံသယတွေ ထွက်ပေါ်နေချိန်မှာ ယင်းနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သစ်တော မီးကြောင့် နေအိမ်မှာ တစ်ဦးတည်း နေထိုင်တဲ့ အသက် ၈၂ နှစ်အရွယ် ပုဂ္ဂိုလ်တစ်ဦး အပါအဝင် လူသုံးဦး သေဆုံးပြီး ၁၂၂ ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်း တူရကီ သဘာဝဘေးဒုက္ခဆိုးနဲ့ အရေးပေါ်အခြေအနေများ ကိုင်တွယ်စီမံမှု ရုံးက ထုတ်ပြန်ပါတယ်။

ရုရှားနဲ့ အခြားသော အရှေ့ဥရောပ ခရီးသွားတွေအကြား ရေပန်းစားတဲ့ အန်တယ်ယာမြို့ အရှေ့ဘက် ၇၅ ကီလိုမီတာ (၄၅ မိုင်) ခန့်ရှိ လူနေကျဲတဲတဲ့ ဒေသတစ်ခုမှာ တောမီးကြောင့် ထိခိုက်ခံစားခဲ့ရပါတယ်။

တူရကီ ရုပ်သံနဲ့ ဆိုရှယ်မီဒီယာပေါ် တက်လာတဲ့ ရုပ်ပုံတွေအရ  လိမ္မော်‌ရောင် မီးတောက်တွေကြောင့် မီးခိုးတွေ ဖုံးနေတဲ့ လမ်းတွေပေါ်မှာ ဒေသခံတွေ ကားတွေထဲကနေ ခုန်ထွက် ထွက်ပြေးနေကြရပုံကို မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါ တောမီးတွေကြောင့် လူ ၅၀၀ ခန့် နေထိုင်တဲ့ အဆောက်အအုံ ၂၀ ထက်မနည်း လုံးလုံးလျားလျား ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အပူချိန်ဟာ ၄၀ ဒီဂရီ ဆဲစိယပ်စ် ( ၁၀၄ ဒီဂရီ ဖာရင်ဟိုက်) ဆီ ချဉ်းကပ်နေပြီး တစ်နာရီ ၅၀ ကီလိုမီတာ (မိုင် ၃၀) နှုန်းရှိ လေပြင်းတွေ တိုက်နေချိန်မှာပဲ ခုလို တောမီးလောင်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly