ရခိုင်နည်းပြဟောင်း ဦးဝင်းတင် ကို မနောမြေအသင်း ခေါ်ယူရန် ညှှိနှိုင်း

ရခိုင်နည်းပြဟောင်း ဦးဝင်းတင် ကို မနောမြေအသင်း ခေါ်ယူရန် ညှှိနှိုင်း
ရခိုင်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးဝင်းတင်အား ပြီးခဲ့သည့် ဘောလုံးရာသီက တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဒီဇင်ဘာ ၁၀၊ ရန်ကုန်။              ။ ၂၀၁၅ ဘောလုံးရာသီအကုန်တွင် ရန်ကုန်အသင်းသို့ ပြောင်းရွေ့သွားသည့် အသင်းနည်းပြ အီမာဆင်အစား ရခိုင်အသင်းနည်းပြဟောင်း ဦးဝင်းတင်အား ခေါ်ယူရန် ညှိနှိုင်းမှု ပြုလုပ်လျက်ရှိသည် ဟု မနောမြေအသင်းမီဒီယာတာဝန်ခံ ကိုဇော်ဇော်က ပြောသည်။

ဦးဝင်းတင်သည် ၂၀၁၃ ဒီဇင်ဘာတွင် ဟံသာဝတီအသင်းမှ ရခိုင်ယူနိုက်တက်အသင်းသို့ ပြောင်းရွေ့လာခဲ့ကာ ၂၀၁၄ ဘောလုံးရာသီတွင် ရခိုင်အသင်းအား မြန်မာနေရှင်နယ်လိဂ်-၁ သို့ တန်းပြန်တက်နိုင်အောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြတစ်ဦး ဖြစ်သည်။

“ ဦးဝင်းတင်က လက်ရှိမှာ အသင်းနဲ့ စာချုပ်နဲ့ မချုပ်ရသေးပါဘူး။ ညှိနှိုင်းနေဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်။ လက်ရှိကာလက ကစားသမားရော နည်းပြတွေရော အသစ်ခေါ်ယူမှုကို အသင်းအနေနဲ့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် စာချုပ်မချုပ်ရသေးလို့ သတင်းမထုတ်ပြန်သေးတာပါ။ အားလုံးအပြီးသတ်စာချုပ်ချုပ်ဆိုပြီးရင် တရားဝင်သတင်းထုတ်ပြန်ပေးပါ့မယ်။ အသင်းလေ့ကျင့်ခန်းတွေလည်း ပြန်စနေပီ ဆိုတော့ လာမယ့် တစ်ပတ်လောက်အတွင်း အားလုံးစာချုပ်ချုပ်နိုင်ဖို့ စီစဉ်နေပါတယ်။ တန်းဆင်းသွားပေမယ့် အသင်းကို အကောင်းဆုံးပြင်ဆင်ဖို့ လုပ်ဆောင်နေပါတယ် ” ဟု ကိုဇော်ဇော်က မနောမြေအသင်းပြင်ဆင်မှုနှင့် ပတ်သက်၍ ပြောသည်။

မနောမြေအသင်းသည် လာမည့် ၂၀၁၆ ဘောလုံးရာသီတွင် နေပြည်တော်အသင်းနှင့်အတူ လိဂ်-၂ သို့ တန်းဆင်းခဲ့ရသည်။ ရာသီသစ်အတွက် ပြင်ဆင်မှုအနေဖြင့် ရတနာပုံအသင်း ကြံ့ခိုင်ရေးမှူး ဂျိုးဇက်အား နည်းစနစ်ဒါရိုက်တာအဖြစ် အားဖြည့် ခေါ်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly